အောက်တိုလာ၁၆ရက်တွင် ကြိမ်ချောင်းနှင့် ငါးခူရမှ ရွာသား ၁၀၀ ကျော်နှင့် အောက်တိုဘာလ ၁၇ ရက်နေ့က ရေမျက်တောင်၊ ခြံပြင်၊ စံပယ်ရင်းနှင့် ကပ်ပကောင်း ကျေးရွာများမှ ရွာသား ၁၄၀ ခန့် ထပ်မံ ရောက်ရှိလာပြီး မောင်တောမြို့ သာသနာ့ဗိမာန်တွင် နေရာချထားပေးကြောင်း သိရသည်။
၎င်းရွာသားများသည် ကျေးရွာများသို့ ရိက္ခာအကူအညီသွားပေးသည့် စက်လှေဖြင့် လိုက်ပါလာကြခြင်းဖြစ်ကြောင်း သိရသည်။
မောင်တောသို့ ပြောင်းရွှေ့လာသူ ရေမျက်တောင် ကျေးရွာမှ ဒေါ်မိမိဇံက “ဒီနေ့ အကူအညီ သွားပေးတဲ့ စက်လှေနဲ့ မောင်တောမြို့ကို လိုက်ပါ လာကြသူတွေထဲမှာ ရေမျက်တောင် ကျေးရွာက ၄၈ ယောက်ပါ။ ကျန်တဲ့ ခြံပြင် စံပယ်ရင်းနဲ့ ကပ်ပကောင်း ကျေးရွာတွေနဲ့ ပေါင်းလိုက်ရင် ရွာသား ၁၄၀ လောက်ပါပါတယ်။ နောက်ထပ် ကျန်နေခဲ့တဲ့ ကျေးရွာသား အများအပြားလည်း ရှိနေပါသေးတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
ရေမျက်တောင် ကျေးရွာတစ်ခုတည်းမှာပင် ပိတ်မိနေသော ကလေးနှင့် သက်ကြီးရွယ်အို အများအပြား ကျန်ရှိနေသေးသည်ဟု ဆိုသည်။
မောင်တောမြောက်ပိုင်းရေမျက်တောင် ကျေးရွာအနီး ခြံပြင်နယ်ခြားစောင့် ကင်းစခန်း အောက်တိုဘာလ ၉ ရက်နေ့က တိုင်ခိုက်ခံရပြီးနောက်ပိုင်း တပ်မတော်က နယ်မြေ ရှင်းလင်းမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ရေမျက်တောင် ကျေးရွာအနီးတွင် ယနေ့အချိန်ထိ တပ်မတော်နှင့် အကြမ်းဘက်သမားများအကြား ပစ်ခတ်မှုများ ဖြစ်ပွား လျက်ရှိသည်ဟု ကျေးရွာသားများ ကပြောသည်။







