ယမန်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပြောင်းပစ်ကျေးရွာ အနီးတွင် တပ်မတော်က ရှင်းလင်းရေး လုပ်စဉ် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်နှင့် အကြမ်းဖက်သမား အင်အား ၃၀၀ ခန့်က ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် တပ်မတော်မှ စစ်သည် လေးဦးကျဆုံးခဲ့သည်ဟု မြဝတီ သတင်းတွင် ဖော်ပြထားသည်။
တပ်မတော် စစ်ကြောင်း တစ်ခုက နယ်မြေရှင်းလင်းရေး လုပ်စဉ် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ အရှေ့ဘက် မီတာ ၅၀၀ ခန့်နေရာသို့ အရောက် အသင့်နေရာယူထားသော အကြမ်းဖက်စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များဖြင့် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်နေစဉ် တပ်မတော် စစ်ကြောင်းနေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက်သမား အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားတုတ်များ ကိုင်ဆောင်၍ ထပ်မံ တိုက်ခိုက်လာသဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စီးနင်း တိုက်ခိုက် သူများသည် အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း မြဝတီ သတင်းတွင် ဖော်ပြသည်။
တပ်မတော်မှသေနတ်နှစ်လက် ပျောက်ဆုံးကာ စစ်သည် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်သည်လေးဦး နိုင်ငံတော် အတွက် အသက်စွန့်လွှတ်ခဲ့ကြောင်း မြဝတီ သတင်းတွင် ဖော်ပြသည်။
အကြမ်းဖက် စီးနင်းတိုက်ခိုက်သူများထံမှ အလောင်းတစ်လောင်း၊ သေနတ်နှစ်လက်နှင့် ကျည်အိမ်နှစ်ခုတို့သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
အောက်တိုဘာလ ၉ နံနက် အစောကြီး ညဥ့် တစ်နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကျီးကန်းပြင်၊ ငခူရ စခန်းနှင့် ရသေ့တောင်မြို့နယ် တောင်ပိုင်း ကိုးတန်ကောက် စခန်းတို့ကို အသင့်လေ့ကျင့်ထားသော ရာနှင့် ချီသော အကြမ်းဖက်သမားများက တစ်ပြိုင်တည်း ချိန်ကိုက် ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၉ ဦးကျဆုံးခဲ့ရသည်။







