ANP ပါတီတွေ့ဆုံပွဲတွင် မြို့နယ် ခေါင်းဆောင်များမှ တင်ပြသော အရေးကြီးသည့် အချက်များကို ထုတ်ပြန်မည်မဟုတ်ဟုဆို

ANP ပါတီတွေ့ဆုံပွဲတွင် မြို့နယ် ခေါင်းဆောင်များမှ တင်ပြသော အရေးကြီးသည့် အချက်များကို ထုတ်ပြန်မည်မဟုတ်ဟုဆို
by -
နိရဥ္စရာ
အောက်တိုဘာ ၃ ရက်နေ့မှ ၄ ရက်နေ့ထိ မြောက်ဦးမြို့တွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) နှင့် မြို့နယ် ခေါင်းဆောင်များတွေ့ဆုံပွဲတွင် မြို့နယ်တာဝန်ရှိသူများ တင်ပြချက်များထဲမှ အရေးကြီးသော အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ပေးသွားမည် မဟုတ်ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာသို့ ပြောသည်။

“ အခုမြောက်ဦးမှာ လုပ်တဲ့ တွေ့ဆုံပွဲက ညီလာခံ မဟုတ်ပါဘူး။ ပါတီဗဟို အလုပ် အမှုဆောင်ကော်မတီနဲ့ မြို့နယ်ခေါင်းဆောင်တွေ တွေ့ဆုံပွဲပါ။ သံတွဲညီလာခံ ပြီးတာ တစ်နှစ်နဲ့ ခုနှစ်လ ရှိပြီ ဖြစ်ပေမယ့် တစ်ခါမှ မတွေ့ဆုံရသေးတာကြောင့် တွေ့ဆုံတာပါ။ ဒါကြောင့် ဆုံးဖြတ်ချက်ဆိုပြီး မရှိပါဘူး။ မြို့နယ် ကော်မတီတွေက ပါတီ အပေါ် တင်ပြချက်တွေသာ ရှိပါတယ်။ ဒီတင်ပြတဲ့ အချက်တွေထဲကလည်း အရေးကြီးတာတွေကို ပါတီက ထိန်းသိမ်းထားပြီး ထုတ်ပြန်ဖို့  မရှိပါဘူ။ မှတ်တမ်းတင်ထားတဲ့ အချက်လောက်ကိုသာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

မြောက်ဦးမြို့တွင် ပြုလုပ်သော တွေ့ဆုံပွဲသို့ ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒုဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါ်အေးနုစိန်နှင့် ဦးခိုင်ပြည်စိုး၊ ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်နှင့် တစ်ခြား ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသလို ရခိုင်ပြည်နယ် ၁၇ မြို့နယ်နှင့် ရန်ကုန်၊ ဧရာဝတီနှင့် ချင်းပြည်နယ် ပလက်ဝ တို့မှ တာဝန်ရှိ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

စတင်ကျင်းပသည့် အောက်တိုဘာ ၃ ရက်နေ့တွင် မြို့နယ် ၁၀ ခုမှ စာတန်းများတင်သွင်းခဲ့ကြပြီး ဒုတိယနေ့ အောက်တိုဘာ ၄ ရက်နေ့တွင် နောက်ထပ် မြို့နယ် ၁၀ ခုမှ စာတန်းများကို တင်သွင်းခဲ့ကြသည်ဟု သိရသည်။

“ အဓိကတော့ ပါတီအတွက် မြို့နယ် ကော်မတီက အကြံအဉာဏ်များရယူတာပါ။ အခက်အခဲ အကျပ်အတည်းတွေ ဘယ်လိုရှိသလဲ။ ပါတီအပေါ် ဘယ်လို အမြင်တွေရှိသလဲ။ ပါတီတိုးတက်ရေး အတွက် ဘာတွေ လုပ်ဆောင်ဖို့လိုသလဲ စတဲ့အချက်တွေကို မြို့နယ်တွေကတင်ပြကြပါတယ်။ မြို့နယ်တွေရဲ့ အသံကို နားထောင်ပြီး ပါတီက ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။

အစည်းအဝေးတွင် ၂၀၁၇ ခုနှစ်တွင် ပါတီ ညီလာခံ ကျင်းပမည့် ကိစ္စကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသော်လည်း ကျင်းပမည့် နေ့ရက် အချိန်နှင့် နေရာတို့ကို သတ်မှတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

၎င်းပြင် ပါတီပေါင်းစည်းစဉ်က ပါလာသည့် ထုတ်ပယ်ခံခဲ့ရသော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ခေါင်းဆောင်များမှ နောက်ထပ် ပါတီ တစ်ခု ထူထောင်ရန် စီစဉ်နေသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ၎င်းကိစ္စ ဆွေးနွေးပါသလားဟု မေးမြန်းရာ တစ်စုံတစ်ရာ ဆွေးနွေးမှု မရှိကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...