ယခုခရီးစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ ( RCSS) အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းလ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဒုတိယ ဥက္ကဋ္ဌ (၂)ဒေါက်တာ လျန်မှုန်းဆာခေါင်နှင့်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO) ဦးဆောင်နာယက ခွန်ဥက္ကာတို့ ဖြစ်ကြသည်။
NCA လက်မှတ်ရေးထိုးခြင်း အပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကချင်လွတ်မြောက်ရေး အဖွဲ့ ( KIO) ဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခူဦးရယ်၊ မွန်ပြည်သစ်ပါတီ ( NMSP) အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ စိုင်းဟင်စိုင်း၊ ‘o’ အထူးဒေသ(၂) မှ ဘဏ္ဍရေး ဦးစီးမှူး ဦညီလင်းနှင့် အထူးဒေသ(၄) မိုင်းလားမှ ဦးစိုင်းမောက်တို့ ပါ၀င်ကြသည်။
အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များသည် အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းက အစိုးရအဖွဲ့ဝင်ကိုယ် စားလှယ် ရှစ်ဦးနှင့် အတူ ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ကြပြီး အောက်တိုဘာ ၁ ရက်မှ ၉ ရက် အထိကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အစိုးရဘက်မှ ပါ၀င်သော ကိုယ်စားလှယ်များမှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင့်ဆွေ (အဖွဲ့ခေါင်းဆောင်)၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ နိုင်ငံတော် သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဗိုလ်မှူးချုပ် စိန်ထွန်းလှတို့ ပါ၀င်ကြသည်။
ယခု တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တွင် တစ်ခြားတိုင်းရင်းသား ကိုယ်စားလှယ် အများအပြား ပါရှိပြီး ရခိုင်အမျိုးသား ကိုယ်စားလှယ် တစ်ဦးတစ်လေမှ မပါ၀င်သဖြင့် အစိုးရနှင့် ပြည်နယ်အဆင့် NCA ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားသော ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်အား နိရဥ္စရာမှ မေးမြန်းရာ “ ကျွန်မတို့ ဒီခရီးစဉ်ရှိတာကို အစကတော့ အသိပေးထားတာ ရှိပါတယ်။ နောက်ပိုင်းတော့ ဘာမှ မသိတော့ပါဘူး။ ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်စောနိုင်အောင်ကလည်း ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်မကို ဘာမှ အသိပေးတာ မရှိပါဘူး။ ဒါကြောင့် ဒီအာဖရိက ခရီးစဉ်အကြောင်း ကျွန်မ ဘာမှ တိတိကျကျ မသိပါ” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်သည် လက်ရှိ အချိန်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) အကြား လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေသော ပြည်နယ် တစ်ခုဖြစ်သလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကြောင့် တည်ငြိမ်အေးချမ်းမှု မရရှိသေးသည့် ဒေသ တစ်ခုလည်းဖြစ်သည်။







