ရခိုင်တောင်သူလယ်သမားအကြိုညီလာခံ မြေပုံတွင် စက်တင်ဘာ ၂၅ ရက်နေ့ စတင်ကျင်းပမည်

ရခိုင်တောင်သူလယ်သမားအကြိုညီလာခံ မြေပုံတွင် စက်တင်ဘာ ၂၅ ရက်နေ့ စတင်ကျင်းပမည်
by -
နိရဥ္စရာ
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား အကြိုညီလာခံကို  မြေပုံမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင်ကျင်းပမည်ဟု သတင်း ရရှိသည်။

၎င်းညီလာခံတွင် ရခိုင်တောင်သူလယ်သမားများ၏ လက်ရှိ ရင်ဆိုင်ကြံုတွေ့နေရသော ပြဿနာများ အပေါ် ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ဆွေးနွေးသွားမည်ဟု ညီလာခံဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်စံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ယင်းအကြိုညီလာခံကို (၁) တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေး (၂)  တည်ဆဲဥပဒေနှင့် ညီညွတ်မှုမရှိသည့် မြေယာဆုံးရှုံးနေမှုများနှင့် မြေယာသိမ်းဆည်းထားမှုများကို ကာကွယ်တားဆီးနိုင်ရေးနှင့် (၃) တောင်သူလယ်သမားများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်သူလယ်သမားများ ကိုယ်တိုင် ဖန်တီးနိုင်ရေးဆိုသည့် ရည်ရွယ်ချက် ၃ ရပ်ဖြင့် ကျင်းပသွားမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယခု အကြိုညီလာခံတွင် ရခိုင်ပြည်လုံးဆိုင်ရာ တောင်လယ်သမားညီလာခံဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းသွားမည် ဖြစ်သကဲ့သို့ ညီလာခံနေရာနှင့် နေ့ရက်ကိုလည်း သတ်မှတ်သွားမည်ဟု သိရသည်။

၎င်းအပြင် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေးအတွက် ဗဟိုနှင့် မြို့နယ်ကော်မတီများကို ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

လယ်သမားများဘဝမြှင့်တင်နိုင်ရေးအတွက် နောင်ဖွဲ့စည်းလာမည့် သမဂ္ဂအနေဖြင့် တောင်သူ လယ်သမားနှင့် အစိုးရအကြားတွင် ညှိနှို်င်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ သမိုင်းတစ်လျှောက်လုံးမှာ တောင်သူလယ်သမားတွေရဲ့ အခန်းကဏ္ဍက မှေးမှိန်နေပါတယ်။ စကားထဲမှာပဲ ကျေးဇူးရှင်တောင်သူကြီးများဆိုပြီးတော့ ရှိနေပါတယ်။ အဲ့ဒီစကားလုံးကို ကျွန်တော်တို့ လက်တွေ့အကောင်အထည်ဖေါ်နိုင်ဖို့အတွက် ဒီနေ့အချိန်အခါမှာ တောင်သူလယ်သမားတွေက ဦးစီးသင့်ပါပြီ။ တစ်စုတစ်စည်းတည်းနဲ့ သွားသင့်ပြီဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ တောင်သူလယ်သမားတွေကို အသိပေးချင်ပါတယ်” ဟု ဦးကျော်စံက ထပ်လောင်းပြောကြားသည်။

ယခုပြုလုပ်မည့် အကြိုညီလာခံသို့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ ကိုယ်စားလှယ် ၆ ဦးကျစီ ဖိတ်ကြားထားသည့် အပြင် ပလက်ဝက်မြို့နယ်မှ ကိုယ်စားလှယ် ၆ ဦးကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...