စက်တင်ဘာလ ၁၄ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် စစ်တွေ မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက စစ်တွေဆိပ်ကမ်း အမှတ်(၂) ဆိပ်ကမ်းဝင်းအတွင် အခွန် ကောက်ခံနေမှုသည် ပြည်သူများ အသွားအလာကို အနှောင့် ယှက်ဖြစ်စေသည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် အရေးယူပိုင်ခွင့် ရှိ/ မရှိနှင့် ရရှိသော ငွေများကို မည့်သည့်နေရာတွင် အသုံးပြုနေသည်ကို ရှင်းပြရန် မေးမြန်းတင်ပြခဲ့သည်။
ယင်းမေးမြန်းခြင်းနှင့် ပတ်သက်၍ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ၂၀၁၄- ၂၀၁၅ ခု ဘဏ္ဍာရေးနှစ်တွင် ၄၁၈၁၂၅ ကျပ်၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ၄၈၇၅၀၀ ကျပ်နှင့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ယနေ့ထိ ရ၅၀၀၀ ကျပ်သာ ကောက်ခံရရှိထားပြီး၊ ကောက်ခံ ရရှိ ထားငွေများကို မော်တော်ကားလမ်းနှင့် ယာဉ်ရပ်နားရန် နေရာများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် အထွေထွေ ပြုပြင်ခြင်းများကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရန်ပုံငွေ၌ ထည့်သွင်းအသုံးပြုသွားမည်ဟု ဖြေကြား သွားခဲ့သည်။
၎င်းပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ရခိုင်ပြည်နယ် စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ အမှတ် (၂) ဆိပ်ကမ်းတွင် ဆိုက္ကား၊ လက်တွန်းလှည်းပါ မကျန် အဝင်အထွက် ဆိပ်ကမ်းခွန်ကောက်ယူနေ သည့်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအနေဖြင့် ဆိပ်ကမ်း အာဏာပိုင်များကို ခေါ်ယူတွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက အဆိုပါငွေကြေးများမှာ မဖြစ်စလောက်သော ငွေကြေးများ ဖြစ်ပြီး အကျိုးမရှိမရှိဖြစ်နေသောကြောင့် ဆက်လက် ကောက်ခံပါက မြန်မာ့ဆိပ်ကမ်းအာဏာပိုင်များ နာမည်ပျက်ဖို့သာရှိကြောင်း၊ ဆိပ်ကမ်းခွန်ကောက်ခံနေခြင်းသည် ခရီးသည်များကို အနှောင့်အယှက် ဖြစ်စေသည့်အတွက် လက်ရှိအစိုးရလက်ထက်တွင် မလုပ်သင့်တော့ကြောင်း ထောက်ပြပြောဆိုသည်။
ယခုကဲ့သို့ ဆိပ်ကမ်းခွန် ကောက်ခံနေမှုနှင့်ပတ်သက်၍ စစ်တွေမြို့မှ သုံးဘီးဆိုင်ကယ် တက္ကစီ မောင်းနေသည့် ဦးဝင်းမြင့်ကို ဆက်သွယ်မေးမြန်းရာ သူက “အမှတ် ၂ ဆိပ်ကမ်းမှာ ယာဉ်တစ်စီးကို ၂၀၀ နှုန်းနဲ့ ကောက်နေတာ ကြာပါပြီ။ ဟိုတလောက ကောက်ခွင့်ကို ပိတ်တယ်လို့ ကြားမိပါတယ်။ တစ်ခါ အဝင်ကို မကောက်ဘူး၊ အထွက်ကို ကောက်ပါတယ်။ အခုက အဝင်ရော အထွက်ရော နေ့စဉ်နဲ့အမျှ ပြန်ပြီး ကောက်ပါတယ်။ သွားလာနေကြတဲ့ ခရီးသည်တွေအတွက်လည်း အနှောင့်အယှက် ဖြစ်နေပါတယ်။ ဒီလို ကောက်ခံနေတာဟာ တရားဝင်လား၊ တရားမဝင်လားဆိုတာကိုလည်း သိချင် ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အခွန်ကောက်ခံရာတွင် သုံးဘီးတက္ကစီတွင် လူများများပါလျှင် တက္ကစီမောင်းသမားမှ အခွန်ခ ပေးရပြီး ခရီးသည် တစ်ဦးတည်းဆိုလျှင် ခရီးသည်မှပေးရကြောင်း ၊ ဆိုက္ကားတစ်စီးကို ၁၀၀ ကျပ်ကောက်ခံ ရာတွင်မူ ခရီးသည်ထံမှ အခွန်ခ ပေးရကြောင်း၊ တစ်နေ့ ကောက်ခံရရှိငွေ မှာ ကျပ် ရှစ်သောင်းခန့်ထိ ရှိကြောင်း သိရှိရသည်ဟု သူက ရှင်းပြ ပြောဆိုသည်။







