၎င်းအဆိုအား စစ်တွေမြို့ မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ် အရေးပေါ် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့သည်။
“ အခု ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ဟာ ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေ၊ နိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ ဖွဲ့စည်းထားတာ မဟုတ်တဲ့ အတွက် ရခိုင်ပြည်နယ် လွှတ်တော်ကနေ အသိအမှတ်မပြုသင့်ကြောင်း အဆိုကို တင်ပါတယ်။ ကန့်ကွက်မယ့်သူ မရှိတဲ့အတွက် ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်ဇောဦးက ပြောသည်။
စက်တင်ဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး၌ ကော်မရှင်နှင့် ပတ်သက်ပြီးလည်း ဦးကျော်ဇောက အရေးကြီးအဆိုတင်သွင်းရာတွင် “ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအရ နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းခွင့်ကို ခွင့်ပြုပြဌာန်းပေးတာမရှိဘဲနဲ့ ကျော် လွန်လုပ်ဆောင် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၀န်ကြီးဌာန တစ်ခုသာ ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနဟာ ဒီလို နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခွင့် မရှိပါဘူး။ ဒါကြောင့် ဒီကော်မရှင်ဟာ စတင်ဖွဲ့စည်းစဉ်ကတည်းက အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်ပါတယ်။ ဒီကော်မရှင်ဟာ တရားဝင်မှု မရှိပါဘူး”ဟု သူက လွှတ်တော်ထဲတွင် ရှင်းပြ ခဲ့သည်။

ယင်းအပြင်သူက ကော်မရှင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုကြောင်း ကြေငြာနိုင်ဖို့အတွက် အဆိုတင်သွင်းရခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြားသည်။
“ထိုကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှုနဲ့ လုပ်ဆောင်ချက်များ အားလုံးကို ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ် မပြုကြောင်း သဘောထား မြွက်ဟဖေါ်ပြချက်ကို ဆုံးဖြတ်ပြီးတော့ ကြေညာနိုင်ဖို့အတွက် အခုလို အရေးကြီးအဆိုဖြစ် တင်သွင်းရတာဖြစ်ပါတယ်”ဟု ဆိုသည်။
ကော်မရှင်နှင့်ပတ်သက်သည့် အဆိုတစ်ခုကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ပြီး ဖြစ်သော်လည်း တိုက်ရိုက်သက်ဆိုင်နေသည့် ကာယကံရှင်ဖြစ်သည့် ရခိုင်ပြည်နယ်လွှတ်တော်၏ သဘောထားသည် နိုင်ငံရေးအရသာမက သမိုင်းအဓိပ္ပာယ်အရပါ အလွန်အရေးကြီးသည့်အတွက် ဤရခိုင်နယ်လွှတ်တော်တွင် ဤအရေးကြီးအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း ဦးကျော်ဇောဦးက ပြောသည်။
အဆိုအပြည့်အစုံမှာ “ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အား ဖွဲ့စည်းခဲ့ခြင်းသည် ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်အပါအဝင် တိုင်းရင်းသား နိုင်ငံသားများ၏ သဘောတူညီချက်ကို ရယူလျက်ဖွဲ့စည်းခဲ့ခြင်း မဟုတ်သည့်အတွက် ကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှုနှင့် လုပ်ဆောင်ချက်များ အားလုံးကို ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ် မပြုသင့်ကြောင်း အဆို” ဖြစ်သည်။
၄င်းအရေးပေါ်အဆိုကို ဦးကျော်ဇောဦးက စက်တင်ဘာလ ၁၂ ရက်နေ့က အစည်းအဝေးမစတင်မီ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့ခြင်းဖြစ်ပြီး ဥပဒေနှင့်ညီညွတ်သဖြင့် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အဆိုတင်သွင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်ဟု အဆိုမတင်သွင်းမီ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းပြခဲ့သည်။
ယင်းအဆိုကို ပေါက်တောမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာထွန်းအောင်က ထောက်ခံဆွေးနွေးခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြကာ ရခိုင်ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။
ရခိုင်ပြည်လွှတ်တော်အစည်းအဝေးကို စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဆက်လက်ကျင်းပမည်ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဦးစံကျော်လှက လွှတ်တော်အစည်းအဝေး ပြီးခါနီးတွင် လွှတ်တော်သို့ အသိပေးကြေညာခဲ့သည်။







