ယခင်က ခိုင်မျိုးထွန်းကို ရုံးထုတ်သည့် အချိန်အတွင်း တရားရုံးဝင်ဝ လမ်းများကို ပိတ်ဆို့ပြီး လုံခြံုရေးချထားမှု မရှိခဲ့သဖြင့် ယခု ၈ ကြိမ်မြောက် ရုံးထုတ်မှုမှာ အထူး အံ့သြစရာ ဖြစ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းနောင်ကို နိရဥ္စရာ သတင်းဌာနမှ မေးမြန်းရာ သူက “လုံခြံုရေးချတာကတော့ သာမန်ပါ၊ ပုံမှန်ပါပဲဗျာ။ ဒါပေမယ့်လည်း သူတို့ တရားရုံး အပြင်ဘက်ကနေပြီးတော့ လူစုလူဝေးနဲ့ ဆူညံလာတဲ့အတွက် တရားစီရင်ရေးကို အနှောင့်အယှက် မဖြစ်စေချင်လို့ ဒီလမ်းကို ပိတ်ပြီးတော့ လုံခြံုရေး ချပေးတာပါပဲ၊ ဒါပါပဲ ”ဟု ပြောသည်။

ယခင်ရုံးထုတ်ခဲ့စဉ်က ရုံးဘေး မေယုလမ်းကို ဖြတ်ပြီး ကားနှင့် လူသွား လူလာများကို ခွင့်ပြုခဲ့သော်လည်း ယခု တစ်ကြိမ်ရုံးထုတ် ရာတွင် မေယုလမ်းရှိ ထွေအုပ်ရုံးမှ တရားရုံးဘေး ၀င်ဝအထိ အတားအဆီးများ ပြုလုပ်ထားပြီး ပြည်သူ့ရဲ လုံခြံုရေး ထူထပ်စွာ ချထားသည်ကို တွေ့ရှိရသည်။
ယခုကဲ့သို့ လုံခြံုရေးချထားခြင်းမှာ လွန်ခဲ့သည့်အပတ်က ဖြစ်ခဲ့သည့်အဖြစ်မျိုး မဖြစ်ရအောင် ရဲဘက်က လုံခြံုရေးယူထားပုံရသည်ဟု ဆရာတော် ရက္ခဝံသက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“အရင်ပတ်က ရုံးထုတ်တဲ့အခါမှာ ဦးဇင်းလည်း တရားရုံးကို ရောက်ခဲ့ပါတယ်။ ကုန်ခဲ့တဲ့အပတ် ရုံးချိန်းတုန်းက ရုံးထုတ်ပြီးတော့ စစ်ဆေးမှုတွေပြုလုပ်မှု မရှိဘဲ ချက်ချင်း ရုံးချိန်းပေးလိုက်တယ်။ အဲဒီ အပေါ်မှာ ပြည်သူတွေက မကျေနပ်ဘဲ နည်းနည်းဆူဆူညံညံနဲ့ ခိုင်မျိုးထွန်းကို လွတ်ပေးပါဆိုပြီးတော့ တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် လမ်းတွေကို ပိတ်ပြီး လုံခြံုရေး ယူတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ခိုင်မျိုးထွန်း ထုတ်သော ကြေညာချက်နှင့် ပတ်သက်ပြီး စစ်တပ်က ပေါ်တာ မဆွဲဟု တရားရုံးတွင် ထွက်ဆို သဖြင့် ပေါ်တာအဆွဲခံရသူများကို သက်သေ အဖြစ် တရားရုံးတွင် ထွက်ဆိုရန် ခေါ်ယူထားကြောင်း၊ သက်သေ အဖြစ် လိုက်ပါ ဆောင်ရွက်မည့်သူများ ရှိနေ၍ အမှုသွား အမှုလာကို ကြည့်လျှင် အချိန်ဆွဲ ထားသည်ဟု မြင်ကြောင်း ဆရာတော် ရက္ခဝံသက ရှင်းပြသည်။
ယခုကဲ့သို့ လမ်းများကိုပိတ်ပြီး လုံခြံုရေးတိုးမြှင့်ချထားမှုများကြောင့် ခိုင်မျိုးထွန်းကို ထောက်ခံအားပေးသော ပြည်သူများ၏ မကျေနပ်မှုများကို ဖြစ်ပွားစေနိုင်သည်ဟု ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“လွန်ခဲ့တဲ့ ရုံးချိန်းတွေက လူတွေက အလွန်တရာ များပါတယ်။ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ ကျောက်တော် မြို့နယ်တွေက လာပြီးတော့ ခိုင်မျိုးထွန်းကို အားပေးကြတယ်။ အဲ့ဒီအပေါ်မှာ ပြည်နယ် အစိုးရက နေပြီးတော့ ပိုပြီးတော့ ဆူဆူပူပူ မဖြစ်ရအောင် ဆိုပြီးတော့ လုံခြံုရေးချထားရတယ်လို့ အဒေါ်တို့ကို ပြောပြပါတယ်။ အဒေါ်တို့ အမြင်မှာကတော့ ခုလို လမ်းတွေကို ပိတ်ဆို့ရင် လူတွေက မကျေနပ်ဖြစ်ရင် ပိုပြီး ဆူဆူပူပူ ဖြစ်နိုင်တယ်လို့ မြင်ပါတယ်”ဟု ဒေါ်ကျော့စိန်ကပြောသည်။
ယခင်အပတ်များက ရုံးထုတ်စဉ် ခိုင်မျိုးထွန်းကို လာအားပေးကြသူများအနေဖြင့် တရားရုံးအနီးတစ်ဝိုက်တွင် နားနေခွင့်ပြုသည့်အပြင် တရားရုံးဘေး တံခါးဝ ဘက်မှ ခိုင်မျိုးထွန်းကို ခေါ်ယူသွားသော်လည်း ယခု အပတ်တွင် ပြည်နယ်ရဲ ရုံးဧရိယာထဲတွင် ရပ်ထားသော ကားဖြင့် ခေါ်ယူသွားသည် ကို တွေ့မြင်လိုက်ရသည်။
ယနေ့ခိုင်မျိုးထွန်းကို ရုံးထုတ် စစ်ဆေးနေစဉ် ရ၀၀ ခန့်ရှိသော ပြည်သူများက “အမှန်တရားဘက်တော်သား ခိုင်မျိုးထွန်းအား ချက်ချင်းလွှတ်၊ ငါတို့အားလုံးသည် ခိုင်မျိုးထွန်းများဖြစ်ကြသည်”ဟု ကြွေးကြော်ခဲ့ကြသည်။
ရုံးထုတ်ပြီး အကျဉ်းထောင်သို့ မပို့ဆောင်မီ ခိုင်မျိုးထွန်းကို သတင်း သမားများနှင့် တွေ့ဆုံပြောဆိုခွင့် ခွင့်ပြုခဲ့သည်ဟု ဆိုသော်လည်း နိရဥ္စရာသတင်းဌာနက ခိုင်မျိုးထွန်းကို မေးမြန်းဖို့လုပ်နေစဉ် ခရိုင်ရဲတပ်ဖွဲ့မှူးက တားမြစ်သဖြင့် မေးမြန်းခွင့် မရရှိခဲ့ပေ။







