ရန်ကုန် ဦးဥတ္တမနေ့တွင် ဆရာတော်ဦးဝီရသူ ဟောပြောခွင့်ရမည်မဟုတ်

ရန်ကုန် ဦးဥတ္တမနေ့တွင် ဆရာတော်ဦးဝီရသူ ဟောပြောခွင့်ရမည်မဟုတ်
by -
နိရဥ္စရာ
ရန်ကုန်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့၌ကျင်းပမည့် (၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားသို့ ဆရာတော် ဦးဝီရသူအား တက်ရောက်ရန် ပင့်ဖိတ်ထားသော်လည်း ယခင်နှစ်များကဲ့သို့ ဟောပြောခွင့်ရမည် မဟုတ်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဦးဝီရသူ အကြား အဆင်မပြေမှုများ ပေါ်ပေါက် နေသဖြင့် ၀န်ကြီးချုပ် ဖြိုးမင်းသိန်း၏ ဖိအားကြောင့် ဆရာတော်၏ တက်ရောက်ခွင့် ပိတ်ပင် ခံထားရသည်ဆိုသော သတင်းများ အင်တာနက် လူမှုစာမျက်နာများတွင် ပျံ့နှံ့နေသဖြင့်  ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်အား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်း ၀န်ကြီးက ပြောကြားသည်။

“ ကျွန်တော်တို့အားလုံးဖိတ်ထားပါတယ်။ တက်ရောက်ခွင့် ပိတ်ပင်ထားတာမရှိပါဘူး။ ဆရာတော်ကိုလည်း ဖိတ်ကြားထားပြီ ဖြစ်ပါတယ်” ဟု ၀န်ကြီးဇော်အေးမောင်က ဆိုသည်။

သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် ဆရာတော် ဦးဝီရသူ အနေဖြင့် အခမ်းအနားတွင် ဟောပြောခွင့်ရမည် မဟုတ်ကြောင်း ဆရာတော် ဦးဥတ္တမနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဖေသိန်းက နိရဥ္စရာသို့ ပြောကြားသည်။

“ကျွန်တော်တို့က ဆရာတော်ဦးဝီရသူ အပါအဝင် တစ်ခြား ရဟန်း၊ လူပုဂ္ဂိုလ်တွေရဲ့  ဟောပြောခွင့်ကို အခြေအနေအရ ရပ်ဆိုင်းလိုက်ရပါတယ်။ ဆရာတော်ကြီး တစ်ပါးကသာ  အသျှင်ဥတ္တမရဲ့  အကြောင်း အရာကို ဟောပြောမှာ ဖြစ်ပါတယ်” ဟု ဦးဖေသိန်းက ပြောဆိုသည်။

အခြေအနေအရဆိုသည်မှာ မည်သည်ကို ဆိုပါသလဲဟု ဆက်လက်မေးမြန်းရာ ဦးဖေသိန်းက “ နှစ်စဉ် အခမ်းအနားမှာ ဆရာတော် ဦးဝီရသူဟာ မပါမဖြစ် တဲ့ ပုဂ္ဂိုလ် ဖြစ်သလိုု ဒီနှစ်မှာလည်း ပါလာမှာ ဖြစ်ပါတယ်။  ဒါပေမယ့် ဆရာတော်ကို ဟောပြောခွင့်ကိုတော့ ကျွန်တော်တို့က ပွဲမပျက်၊ မိတ်မပျက် ပေါ်လစီနဲ့ ရပ်ဆိုင်းထားတာပါ။ တစ်ဖက်ကလည်း မဘသ၊ တစ်ခြား တစ်ဖက်မှာလည်း အာဏာပိုင် အဖွဲ့အစည်း ဖြစ်နေတော့ ပြောစကားတွေ လွန်ပြီး တစ်ဖက်နဲ့တစ်ဖက် စကားတွေလွန်လာရင် အကုန်လုံး မိတ်ပျက်နိုင်တဲ့ အတွက် စကားပြောခွင့် မပြုဖို့ ကျင်းပရေး ကော်မတီက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောကြားသည်။

လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ နှစ်များက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆရာတော် ဦးဥတ္တမနေ့တွင် ဦးဝီရသူ မှာ အဓိက ဟောပြောသူ Speaker ဖြစ်ကြောင်း သိရှိရသည်။

(၇၇) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့သို့ တက်ရောက်မည်/ မတက်ရောက်မည်၊ အခြေအနေ မည်သို့ ရှိသည်ကို သိရှိနိုင်ရန် ဆရာတော်ဦးဝီရသူအား ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ယခုအချိန်ထိ အဆက်အသွယ်မရရှိသေးပါ။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...