အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့ တက္ကသိုလ်ဟောင်း သဇင်ခန်းမ၌ စက်တင်ဘာလ ၅ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ပြီး၊ သင်တန်းကိုလည်း ယင်းခန်းမ၌ပင် ပြုလုပ်သွားမည်ဟု သိရှိရသည်။
ဒေသခံလူငယ်များ အသိပညာ အတတ်ပညာ ဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး ရည်ရွယ်ချက် များဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီသင်တန်းပြုလုပ်ရခြင်း အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးရေးနဲ့ အလုပ်ကိုင်အခွင့်အလမ်းတွေ ရရှိအောင် ပြုလုပ်ရခြင်းဖြစ်ပါတယ်။ နောက်တစ်ဘက်က ဆိုလိုရှိရင်လည်း ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဒီကုလသမဂ္ဂနဲ့ မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ၅ နှစ်စီမံကိန်း ဆွေးနွေးနေတာရှိပါတယ်။ ၅ နှစ် စီမံကိန်း မှာလည်း ခရီးသွားလုပ်ငန်းဆိုတာ စီမံကိန်းတစ်ခုအနေနဲ့ ပါလာတယ်။ နှစ်အလိုက် ရခိုင်ပြည်နယ်ကို ခရီးသည်တွေ တိုးပွားဝင်ရောက်လာရေးအတွက် ဘာတွေ လုပ်မလဲ၊ ဘာတွေကိုင်မလဲဆိုတဲ့ စီမံကိန်း တွေလည်း ရေးဆွဲ နေပြီးတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာရင် ဧည့်လမ်းညွှန်တွေ လိုအပ်လာမှာ ဖြစ်တဲ့အတွက် ကြိုတင် ပြင်ဆင်မှုအနေနဲ့ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားရေးမှူး ဦးစီးဌာန ရခိုင်ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ပြောသည်။
လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနေပြီဖြစ်သည့် စစ်တွေနှင့် အနီးပတ်ဝန်းကျင်ဒေသ၊ မြောက်ဦးနှင့် အနီး ပတ်ဝန်းကျင်ဒေသ နှင့် ငပလီနှင့် အနီးပတ်ကျင် ဒေသများတွင် ခရီးသွားလာရေးအတွက် တိုးချဲ့ဆောင်ရွက်သွားမည့်အပြင် ကျိန္တလီ၊ ဂွ၊ မာန်အောင်၊ မြေပုံ၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များတွင်လည်း ခရီးသွားလာရေးလုပ်ငန်းအတွက် တိုးချဲ့ဆောင်ရွက်သွားမည်ဟု သိရသည်။
ခရီးသွားလုပ်ငန်းအဆင်ပြေလျှော့မွေ့စေရေးအတွက် ဟိုတယ်ဇုံများ တည်ဆောက်မည့်အပြင် သူတို့စားသောက်ရေး အဆင်ပြေစေရေးအတွက် ဒေသခံလုပ်ငန်းရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များ၊ ရှေးဟောင်းသုတေသန ဌာနများ၊ ဒေသခံလူထုများနှင့် ညှိနှို်င်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
သင်တန်းတက်ရောက်နေသည့် ကိုသန်းလှိုင်က “ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အဓိက သိချင်လို့ပေါ့၊ ခရီးသွားလုပ်ငန်းမှာ ဘာအားနည်းချက်ရှိတယ်၊ ဘာအားသာချက်ရှိတယ်ဆိုတာကို သိချင်ပါတယ်။ နောက် သင်တန်းဆရာတွေထဲမှာ ငါးလုပ်ငန်းနဲ့ ပတ်သက်တဲ့ဆရာတွေလည်းပါတယ်ဆိုတော့ အဲ့ဒီလုပ်ငန်းကို အသေးစိတ်ကို သိချင်တာလည်း ပါပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် သင်တန်းသားများအနေဖြင့် အထောက်အကူပြုနိုင် လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာ ခရီးသွားများ မြောက်ဦးမြို့ကို ပိုမိုစိတ်ဝင်စားမှုရှိလာစေရန် ဆွဲဆောင်လုပ်ဆောင်သင့်သည်ဟု မြင်ကြောင်း သူက ဆက်လက် ပြောကြားသည်။
ယခုပြုလုပ်သော သင်တန်းတွင် သင်တန်းသူ သင်တန်းသား ၆၆ ဦးရှိပြီး ဆရာ ၁၉ ဦးရှိကာ တစ်လတာ သင်တန်းအတွက် သင်တန်းကြေး ၅ သောင်းကျပ် ပေးဆောင်ရသည်ဟု ဆိုသည်။
စစ်တွေမြို့ ရွှေသဇင်ဟိုတယ်တွင် ဧည့်ကြိုအဖြစ် လုပ်ကိုင်နေသည့် မဦးခင်ကျော့ ကလည်း “သင်တန်း လာတက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ဒေသမှာ ရှိတဲ့နေရာတွေကို ကိုယ်ပဲသွားပြချင်ပါတယ်။ တကယ်လို့ ကိုယ်တို့အနေနဲ့ ဒီလုပ်ငန်းကို မတတ်ကျွမ်းဘူးဆိုရင် အခြားဒေသက လူတွေက လာရောက်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ ကိုယ်တို့က ကျွမ်းကျင်နေတယ်၊ ကိုယ်တို့က ရှင်းပြနိုင်တယ်ဆိုလို့ရှိရင် ကိုယ်တို့ပဲ လိုက်ပေးလို့ ရပါတယ်လေ”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
မိမိက ခရီးသွားဧည့်လမ်းညွှန် လုပ်ငန်းကို တတ်ကျွမ်းထားလျှင် ကိုယ့်နိုင်ငံသမိုင်းကြောင်း၊ ဘုရား ပုထိုး စေတီများ အကြောင်းများကို ရှင်းပြနိုင်မည့်အပြင် ခရီးသွားလုပ်ငန်းသည် လုပ်ငန်းရှင်များအတွက်သာမက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်၍ ကိုယ့်ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းက ကူညီချင်၍လည်း သင်တန်းကို တက်ရခြင်းဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားသည်။
ယခုပြုလုပ်သော သင်တန်းသည် ရခိုင်ပြည်နယ်တွင် ဒုတိယအကြိမ် ပြုလုပ်သော သင်တန်းဖြစ်ပြီး ရခိုင်ပြည်နယ်တွင် လက်ရှိခရီးသွားမှတ်တမ်းများအရ ခရီးသွားဝင်ရောက်မှု နှစ်စဉ် ၅ သောင်းခွဲခန့်ရှိကြောင်း သိရသည်။







