
တွေ့ဆုံရသည့် အကြောင်းအရင်းမှာ နိုင်ငံရေး ယဉ်ကျေးမှုအရတွေ့ဆုံခြင်းဖြစ်သလို ရခိုင်အမျိုးသား ပါတီ အနေဖြင့် ကော်မရှင်အား ဖျက်သိမ်းပေးရန် တောင်းဆိုရခြင်းနှင့် ပတ်သက်၍လည်း ရှင်းပြလို၍ ဖြစ်သည်ဟု ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က စက်တင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ကိုဖီအာနန်ရောက်လာရင် ရခိုင်အမျိုးသားပါတီနဲ့ တွေ့ဆုံချင်တယ်လို့ ကမ်းလှမ်းချက်တစ်ခု လုပ်ထားတာ ရှိပါတယ်။ ကျွန်မတို့အနေနဲ့ ရခိုင်အမျိုးသားပါတီရဲ့ သဘောထားထုတ်ပြန်ချက်အတိုင်း ရပ်တည်သွားမှာ ဖြစ်ပါတယ်။ လက်ခံတွေ့ဆုံတယ်ဆိုတာကလည်း သူ့ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း တစ်ယောက် အနေနဲ့ လူကြီးလူကောင်းတစ်ယောက်အနေနဲ့ တွေ့ဆုံပြီးတော့ ကိုယ်တို့ရဲ့သဘောထားကို ရှေ့ဆိုင် တိုက်ရိုက်ပြောကြားသွားမှာဖြစ်ပါတယ်။ သူ့ကို တွေ့ဆုံခြင်းဟာ ကော်မရှင်က ခေါင်းဆောင် တစ်ယောက်အနေနဲ့ တွေ့ဆုံခြင်းမျိုးမဟုတ်ပါဘူး ”ဟု ဒေါ်အေးနုစိန်က ပြောသည်။
ဒေါ်အေးနုစိန်က “ပြည်တွင်းရေးကိစ္စတစ်ခုကို နိုင်ငံတကာပုံဖေါ်ပြီးတော့ နိုင်ငံတကာက နိုင်ငံခြားသားများ ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးတာကို ကျွန်မတို့လုံးဝ လက်မခံဘူး။ ကျွန်မတို့ပါတီက ထုတ်ပြန်ချက် ထုတ်ထားသလိုပဲ လူချင်းတွေ့တဲ့အခါမှာလည်း တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောကြားသွားမှာဖြစ်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်အရေး အကြံပေးကော်မရှင် ဖွဲ့ကတည်းက ထုတ်ပြန်ချက်ထုတ်၍ ပါတီ၏ ရပ်တည်ချက်ကို ဖေါ်ပြထားပြီးဖြစ်ကြောင်း၊ အဆိုပါရပ်တည်ချက်သည် ရခိုင်ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့် ကိုက်ညီမှုရှိသည်ဟု ယုံကြည်ကြောင်း သူမက ဆက်လက်ပြောကြားသည်။
ကိုဖီအာနန်နှင့် တွေ့ဆုံရန် ရခိုင်အမျိုးသားပါတီဘက်က ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုး၊ ဦးထွန်းအောင်ကျော်နှင့် ဦးခိုင်ကျော်မိုးတို့ကို ရွေးချယ်ထားကြောင်း သိရသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ကိုဖီအာနန်ကို လက်ခံတွေ့ဆုံမည်ဟု အကြောင်းပြန်ကြားထားသော်လည်း မည်သည့်နေ့၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် တွေ့ဆုံမည်ကို အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။







