“တစ်ကျွန်းလုံးမှာ ရှိတဲ့ ကျေးရွာအားလုံးနဲ့ ပိုက်ဆိပ်အားလုံးမှာ အရက်မရောင်းချဖို့ ပိတ်ပင်လိုက်ပါပြီ။ မြို့နယ်အုပ်ချုပ်ရေးမှူးက အုပ်စုအုပ်ချုပ်ရေးမှူးကို ညွှန်ကြားတာဖြစ်ပြီး၊ အုပ်စု အုပ်ချုပ်ရေးမှူးကနေ ကျေးရွာတာဝန်ခံတွေကို ညွှန်ကြားပြီး ပိတ်ပင်လိုက်တာဖြစ်ပါတယ်”ဟု ကျောက်မောင်းကျေးရွာမှ ဦးမောင်ထွီးစံက နိရဥ္စရာသတင်းဌာနသို့ သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောသည်။
အရက်ရောင်းချမှုကို ပိတ်ပင်ထားသောကြောင့် ပေါက်တောမြို့နှင့် စစ်တွေမြို့သို့ သွားလာနေသည့် ခရီးသည်တင် စက်လှေများတွင်လည်း အရက်တင်ဆောင်မှု မရှိတော့ကြောင့် ကျေးရွာသားများက ပြောသည်။
“အရက်ရောင်းချခွင့်ကို ပိတ်လိုက်တဲ့အတွက် အရက်တွေကို စက်လှေပေါ်မှာ တင်ခွင့်မပြုတော့ပါဘူး”ဟု အင်္ဂရားချိုင်ကျွန်းနှင့် စစ်တွေသို့ စက်လှေပြေးဆွဲနေသူ ဦးမောင်ထွီးစံက ပြောသည်။
အုပ်ချုပ်ရေးမှူးက တရားဝင်ပိတ်ပင်ထားသည်မှာ ဆယ်ရက်ခန့်သာ ရှိပြီဖြစ်သော်လည်း ကျေးရွာသားများက မိမိတို့ဖာသာ ပိတ်ပင်ထား ခဲ့ကြသည်မှာ နှစ်လနီးပါးရှိပြီဟု သိရသည်။
“ကျွန်မတို့ နေတဲ့ပိုက်ဆိပ်မှာ အရက်ရောင်းချခွင့်ကို ပိုက်ဆိပ်က လူတွေစည်းကမ်းထုတ်ပြီးတော့ ပိတ်ပင် ထားတာ နှစ်လခန့် ရှိနေပါပြီ။ ရောင်းချသူကို တစ်သိန်းကျပ် ဒဏ်တပ်မည်ဖြစ်ပြီးတော့ သောက်ပြီး ဆဲဆို သူကို ပထမအခေါက်မှ နှစ်သောင်းကျပ်၊ ဒုတိယ အခေါက်မှာ ငါးသောင်းကျပ် ဆိုပြီး သတ်မှတ် ထားပါတယ်။ ပိုက်ဆိပ်ထဲမှာ အရက်ရောင်းချမှု လုံးမရှိတော့ပါဘူး။ တစ်ချို့က ရေနံချိုင်တောင်ကုန်းပေါ်မှာ ခိုးပြီး အရက်ရောင်းချနေတယ်လို့တော့ ကြားမိပါတယ်”ဟု ငမဲပြင်ပိုက်ဆိပ်မှ ဒေါ်လှသန်းစိန်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ကျေးရွာများတွင် အရက်ရောင်းချခွင့်မပြုတော့သဖြင့် ညနေပိုင်းများတွင် ယခင်ကလို ဆူပူဆဲဆိုမှုများ မရှိတော့ကြောင်း သိရသည်။
“အရင်တုန်းကဆိုရင် ညနေစောင်းလာရင် အရက်သောက်ပြီး ဆူပူဆဲဆိုမှုတွေကို နေ့တိုင်းလိုလို ကြားနေရပါတယ်။ အရက်သောက်ကြတာလည်း လူငယ်တွေများပါတယ်။ ကျွန်မတို့ ရွာမှာဆိုရင် ခိုးပြီးတော့ ရောင်းတာတောင်မရှိတော့ဘူး။ အရက်မရောင်းတော့တဲ့အတွက် ညနေဘက်ဆိုရင် ဆူပူ ဆဲဆိုသံတွေကို မကြားရတော့ပါဘူး။ ကျေးရွာဟာ တိတ်ဆိတ်ငြိမ် သက်နေပါတယ်”ဟု ကျောက်မောင်းကျေးရွာမှ ရွာသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။
ရခိုင်ပြည်နယ် အနှံ့အပြားတွင် တောရော မြို့ပါ အရက်သောက်စားမှုများ ယခင်ကထက်များပြားလာပြီး လူငယ်များအရက်ကြောင့် ပျက်စီးမှုများရှိလာသောကြောင့် အရက်ရောင်းချမှုများကို ကျေးရွာများတွင် ပိတ်ပင်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။
သြဂုတ်လ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် လူ တစ်ထောင်ကျော်က အရက်ရောင်းချမှုကို ပိတ်ပင်တားဆီးပေး ရန် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။







