ဒေသန္တရစီမံကိန်းများ စတင်မီ ကွင်းဆင်း စိစစ်ရန် အဆို ရခိုင် လွှတ်တော်တွင် အတည်ပြု

ဒေသန္တရစီမံကိန်းများ စတင်မီ ကွင်းဆင်း စိစစ်ရန် အဆို ရခိုင် လွှတ်တော်တွင် အတည်ပြု
by -
နိရဥ္စရာ
ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် တင်သွင်းထားသော ဒေသန္တရ စီမံကိန်းများ ရေရှည်တံ့အောင်မြင်ရန်အတွက် စီမံကိန်း မစတင်မီကပင် အသေးစိတ် ကွင်းဆင်း စိစစ်ပြီးမှ အကောင်အထည်ဖေါ် ဆောင်ရွက်သင့်ကြောင်း အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်သည်။

ယင်းအဆိုကို ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယအကြိမ်ပုံမှန်အစည်းအဝေး ဒုတိယနေ့ သြဂုတ်လ ၄ ရက်နေ့က တင်သွင်းခဲ့ပြီး ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံကြောင်း အဆိုတင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိအတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းနှင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်တို့ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က “ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ဘတ်ဂျက်တွေမှာ ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့နေရာမှာ ရေရှည်တည်တံ့ အောင်မြင်ရေးဆိုကတည်းက ကျွန်တော် တို့ရဲ့ ဘဏ္ဍာငွေတွေ အလေအလွင့် မရှိအောင်ဆိုပြီးတော့ ဖေါ်ပြထားတဲ့အတွက် ရခိုင်ပြည်သူ ပြည်သားတွေကိုယ်စား ၀မ်းသာဖို့ ကောင်းပါတယ်။ သူ့အနေနဲ့ မစတင်မီကပင် ကြိုတင်မျှော်တွေး စနစ်ဖြင့်လို့ ဆိုထားပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ အဓိက လမ်း၊ တံတား၊ အဆောက်အဦ၊ စာသင်ကျောင်း၊ ဆေးရုံ အကုန်လုံးတည်ဆောက် မှုအပိုင်းတွေမှာ မတည်ဆောက်မီကပင် အပေါ်က ကွင်းဆင်းလေ့လာ စိစစ်တာကို တစ်ခါမှ မကြံုဖူးပါဘူး။ အဲ့ဒါကြောင့် တံတားတွေ၊ လမ်းတွေ ဆောက်တဲ့ အခါမှာ အရည်အသွေးမပြည့်တဲ့အတွက် သတ်မှတ်ကာလ မရောက်မီ ပျက်စီးခဲ့ကြတာတွေကို ကြံုတွေ့ ခဲ့ကြရပါတယ်”ဟု ဆိုသည်။

သူကဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက စိစစ်ရန်ညွှန်ကြား၍ သွားကြည့်သည့်အခါ၌ ရသေ့တောင်-ပုဏ္ဏားကျွန်းလမ်းပေါ်တွင်ရှိသည့် ပေ ၁၈၀ တံတားကြီးတစ်စင်းသည် အပမန့်ခုံ ၃ ပေခန့် နိမ့်ကျသွားသည်ကို တွေ့ရှိခဲ့ရကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ထဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းအဆိုနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်လွင်ကလည်း ပြည်နယ်အစိုးရ၏ သဘောထားနှင့် တစ်ထပ်တည်းကျကြောင်း ထပ်ဆင့်တင်ပြ ထောက်ခံခဲ့သည်။

“ယခု လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာတွေဟာ ယခင်အစိုးရက လုပ်ခဲ့တာဟာတွေကို ဆွေးနွေးနေကြတာဖြစ်ပါတယ်။ ယခုလက်ရှိ ပြည်နယ်အစိုးရရဲ့ သဘောထားနဲ့လည်း ထပ်တူကျပါတယ်။ အရည်အသွေးမပြည့်မီဘဲ တည်ဆောက်ခဲ့ကြတဲ့ ကုမ္ပဏီတွေကို Red List ပြုစုပြီးတော့ ပြန်လည်တာဝန်ယူပြုပြင် မွမ်းမံတည်ဆောက်ပေးဖို့ တောင်းဆိုပါမယ်။ လိုက်နာ လုပ်ဆောင်မှုမရှိရင် Black List စာရင်းလုပ်ပြီးတော့ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံး သိစေဖို့အတွက် နာမည်ပျက်စာရင်း ထုတ်ပြန်သွားမှာဖြစ်ပါတယ်”ဟု ၀န်ကြီးဦးကျော်လွင်က ဆိုသည်။

ဦးဇော်ဇော်မြင့်၏ အဆိုအပြည့်အစုံမှာ “ဒေသန္တရစီမံကိန်းများ ရေရှည်တည်တံ့အောင်မြင်ရန်အတွက် မစတင်မီကပင် ကြိုတင်မျှော်တွေးပြီး စနစ်တကျ အသေးစိတ် ကွင်းဆင်းလေ့လာ ဆန်းစစ်ပြီးမှ ဒေသနှင့်ကိုက်ညီသည့် သင့်တော်အကောင်းမွန်ဆုံး Project Design (ပုံသဏ္ဍာန်) နှင့် System & Procedure (လုပ်ထုံးလုပ်နည်းစနစ်) တို့၏ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု အပြည့်အဝဖြင့် ချမှတ်အကောင်အထည်ဖေါ် ဆောင်ရွက်ရေး ရခိုင်ပြည်နယ် အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို”ဖြစ်သည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ ဘီလူးမတံတားမှ သင်္ဘောဆိပ်ဘက်သို့ လမ်းပိုင်းကို လွန်ခဲ့သည့် ၂ နှစ်ခန့်က တည်ဆောက်ခဲ့ကြောင်း၊ ၎င်းနည်းတူ မင်းဗာကြီးလမ်းကို လွန်ခဲ့သော ၁ နှစ်ကျော်က တည်ဆောက်ခဲ့ကြောင်း၊ ယခုအခါ သတ်မှတ်ကာလ ၅ နှစ်မပြည့်ခင် လူမြင်မကောင်းအောင် ယိုယွင်းပျက်စီးနေသော်လည်း တာဝန်ယူတည်ဆောက် ခဲ့သော ကုမ္ပဏီများက ပြန်လည်ပြုမွမ်းမံမှုမရှိဘဲ အပျက်အစီးအတိုင်းရှိနေကြောင်း စစ်တွေမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများက နိရဥ္စရာသတင်းဌာနသို့ ပြောကြားကြသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...