ပင်လုံ တိုင်းရင်းသားလူငယ်များညီလာခံနှင့် ပတ်သက်၍ မီဒီယာရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်

ပင်လုံ တိုင်းရင်းသားလူငယ်များညီလာခံနှင့် ပတ်သက်၍ မီဒီယာရှင်းလင်းပွဲ စစ်တွေတွင်ပြုလုပ်
by -
နိရဥ္စရာ
ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၆ရက်ကြာ ကျင်းပခဲ့သော မြန်မာနိုင်ငံဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ တက်ရောက်ခဲ့သော ရခိုင်လူငယ် ကိုယ်စားလှယ် များ၏ ညီလာခံအတွေ့အကြံုများနှင့်ပတ်သက်၍ မီဒီယာ ရှင်းလင်းပွဲတစ်ခုကို သြဂုတ်လ ၄ ရက်နေ့တွင် စစ်တွေ၌ ပြုလုပ်ခဲ့သည်။

ယင်း လူငယ်ညီလာခံကို ဇူလိုင်လ ၂၇ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့ထိ ၆ရက်ကြာကျင်းပခဲ့ခြင်းဖြစ်ပြီး မီဒီယာရှင်းလင်းပွဲကို ရခိုပြည်နယ် စစ်တွေမြို့အခြေစိုက် ၀ံလက်ဖောင်ဒေးရှင်းရုံးတွင် သြဂုတ်လ ၄ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လူငယ်ညီလာခံတက်ရောက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ၀ံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တစ်ဦးဖြစ်သူ ကိုဇော်ဇော်ထွန်းက အောက်ပါအတိုင်း ရှင်းပြခဲ့သည်။

“လက်ရှိအစိုးရလက်ထက်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဒီဖက်ဒရယ် တည်ဆောက်မှုအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းရင်းသားတွေက နှစ်ပေါင်းများစွာကတည်းက တောင်းဆိုလာခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာဟာလည်း စဉ်ဆက်မပြတ် လုပ်ရတဲ့အလုပ် ဖြစ်တယ်။ ဒီနေ့ လူကြီးတွေ လုပ်နေတဲ့အလုပ်ကို လူငယ်တွေက အနာဂတ်မှာ လွဲပြောင်းတာဝန် ယူလာကြရမှာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့လည်း ခေတ်ကာလအနေအထားအရ စုဖွဲ့မှုပြုလုပ်ထားပြီးတော့ အနာဂတ် အတွက် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အဲ့ဒါကြောင့် ဒီညီလာခံကို တက်ရောက်ခဲ့ရခြင်းဖြစ်ပါတယ်”ဟု ဆိုသည်။

ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံသို့ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများအားလုံး ညှိနှို်င်းပြီး ရခိုင်ပြည်နယ်နှင့်ပတ်သက်သော စာတမ်းတစ်ခုကို တင်သွင်းခဲ့သည်ဟု သိရသည်။

ယင်းစာတမ်းတွင် “သဘာဝအရင်းအမြစ်ထုတ်ယူသုံးစွဲမှုနှင့် နောက်ဆက်တွဲပြဿနာ၊ မြေယာသိမ်းဆည်းမှုနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် နယ်မြေကျူးကျော်မှုနှင့် နိုင်ငံတော် အချုပ်အခြာအာဏာထိပါးမှုတို့ ပါ၀င်ကြောင်း” သိရသည်။

IMG20160804152320

ယင်းညီလာခံတွင် တက်ရောက်လာသည့် လူမျိုး ၂၆ မျိုးထဲမှ လူမျိုးတစ်မျိုးမှ ၃ ဦးစီရွေးချယ်၍  ရ၈ ဦးပါ၀င်သော မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်း၍ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊နှင့် ၅ ဦးပါ အတွင်းရေးမှူး အဖွဲ့ကို ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

ယင်းညီလာခံမှ ကဏ္ဍ ရ ရပ်ကို အကောင်အထည်ဖေါ်လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချနိုင်ခဲ့ကြပြီး ကဏ္ဍတစ်ရပ်အတွက် အကောင်အထည်ဖေါ်ဆောင်ရန် ကော်မတီတစ်ရပ်စီကို ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

ယင်းကော်မတီများမှာ

၁။ အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ
၂။ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကော်မတီ
၃။ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေးကော်မတီ
၄။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာကော်မတီ
၅။ စစ်ဘေးဒုက္ခသည်များဆိုင်ရာ ပြန်လည်နေရာချထားရေးကော်မတီ
၆။သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးကော်မတီ
၇။ တိုင်းရင်းသား လူငယ်ရေးရာ မူဝါဒ ရေးဆွဲရေးကော်မတီတို့ဖြစ်သည်။

ယင်းညီလာခံသို့ ရခိုင်ပြည်နယ်ကိုယ်စားပြု ရခိုင်၊ မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီးနှင့် ကမန်ကိုယ်စားလှယ် ၃၇ ဦးတက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ်လုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များများကွန်ယက် (ယာယီကို) ဖွဲ့စည်းနိုင်ခဲ့ကာ ရခိုင်ပြည်နယ်ရှိတိုင်းရင်းသား လူငယ်များအားလုံး တက်ရောက်နိုင်သော တွေ့ဆုံပွဲတစ်ရပ်ကို ၃ လအတွင်း ပြုလုပ်နိုင်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။

ယနေ့ပြုလုပ်သော မီဒီယာရှင်းလင်းပွဲသို့ စစ်တွေ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်ကိုယ်စားပြုတက်ရောက်ခဲ့ကြသည့် လူငယ်ကိုယ်စားလှယ်များအပြင် ခမီးနှင့် မြိုလူငယ် ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

“ရခိုင်လူမျိုးဟာ ရခိုင်တိုင်းရင်းသား ရ မျိုးထဲမှာ အစ်ကိုကြီးအဖြစ် ရှေ့ဆောင်ပြီး လုပ်စေချင်ပါတယ်။ ကျွန်တော်တို့ ခမီးလူမျိုးတွေ အနေနဲ့လည်း နောက်ကလိုက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်အတွက် လုပ်ဆောင်ရာမှာ ပူးပေါင်းပါ၀င်သွားပါမယ်” ဟု ခမီးအမျိုးသား လူငယ်တစ်ဦးက ပြောကြားခဲ့သည်။

မြိုတိုင်းရင်းသား လူငယ် ကိုအေးမောင်ကလည်း တိုင်းရင်းသားအချင်းအချင်း ခွဲခြားမှုမရှိဘဲ ညီတူညီမျှ ချီတက်သွားမည်ဟု ပြောသည်။

“ရခိုင်ပြည်နယ်မှာ အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအချင်းချင်း ခွဲခြားမှုမရှိဘဲ ညီတူညီမျှ ချီတက်ကြမယ်။ မြိုနဲ့ခမီးလက်တွဲပါ။ ခမီးမှာလည်း သူတို့ရဲ့ စာပေ၊ ဓလေ့၊ ရိုးရာ၊ ထုံးတမ်းစဉ်လာတွေ ရှိပါတယ်။ လူမျိုးတစ်မျိုးကို တစ်မျိုးက အသိအမှတ်ပြုပြီး လုပ်ဆောင်ရမယ်”ဟု ပြောသည်။

ယခုပင်လုံတွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံသို့ ရှမ်းပြည်နယ်မှ တောင်ရိုးလူမျိုးတစ်မျိုးလည်း တက်ရောက်ခဲ့ပြီး ညီလာခံထဲတွင် သူတို့ကို သူတို့ ရခိုင်မျိုးနွယ်စုအဖြစ် မိတ်ဆက်ခဲ့ပြီး သူတို့ဒေသသို့ ရခိုင်လူမျိုးများကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့သည်ဟု မီဒီယာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...