ဇူလိုင်လ ၁၀ ရက်နေ့က “ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအဝိုင်း” အသုံးအနှုန်း ခေါ်ဝေါ် သုံးစွဲမှု ကို ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ် ကန့်ကွက်ပွဲကို ဦးဆောင်ခဲ့သူ ကိုခင်မောင်လင်း (ခ) ကိုဖိုးသား၊ ကို၀င်းကိုကိုလတ်နှင့် ကိုနောင်တော်လေးတို့ သုံးဦးအား ခွင့်ပြုချက်ပါ စည်းကမ်းအတိုင်း မလိုက်နာဟု ဆိုကာ ဇူလိုင်လ ၁၃ ရက်နေ့က ဗဟန်းမြို့မ ရဲစခန်းက (ပ)၂၁၀/၂၀၁၆၊ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့သည်။
“ကျွန်တော်တို့ ကတော့ ခွင့်ပြုချက်တင်တဲ့အတိုင်း ဆန္ဒပြကန့်ကွက်ပွဲကို အေးအေးချမ်းချမ်းပြုလုပ်ခဲ့တာပါ။ သူတို့ကလည်း ခွင့်ပြုချက်မှာ ပါတဲ့အတိုင်း မလိုက်နာလို့ တရားစွဲတာလို့ ပြောပါတယ်။ တရားခွင်မှာတော့ တရားသူကြီးမေးတော့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ သက်သေတွေစစ်စရာရှိနေပါသေးတယ်” ဟု ဆန္ဒပြပွဲခွင့်ပြုချက်ရရန် ဦးဆောင် လျှောက်ထားခဲ့သူ ကိုဖိုးသားမှ နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအဝိုင်း ဟုသုံးနှုန်းမှုအား လုံးဝလက်မခံကြောင်း ဇူလိုင်လ ၁၀ ရက်နေ့ က အင်အား ၁၅၀၀ ခန့်ဖြင့် ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့မှစ၍ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်း အတွင်းရှိ (ဟစ်တိုင်) အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
ဆန္ဒထုတ်ဖော်ရန်နေရာအား ရဲတပ်ဖွဲ့မှ ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းမှ တာမွေမြို့နယ်ရှိ (ဟစ်တိုင်) အထိသာ ခွင့်ပြုခဲ့သော်လည်း ဆန္ဒဖော်ထုတ်သူများက ခွင့်ပြုချက်တင်ထားသည့်အတိုင်း ရွှေတိဂုံ အရှေ့ဘက်မုဒ် ကြေးသွန်း ဘုရားရှေ့မှစတင်လမ်းလျှောက်ဆန္ဒပြခဲ့သောကြောင့် ဗဟန်းမြို့နယ် စခန်းမှူးက တရားလိုပြုလုပ်ကာ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ကိုနောင်တော်လေးမှ” “ကျွန်တော်တို့က လုပ်မယ့်နေရာ၊လုပ်မယ့်လူဦးရေ စာရွက်စာတမ်း အပြည့်အစုံနဲ့ တင်တာပါ။ဒါပေမယ့် သူတို့ရဲ့ကန့်သတ်ချက်ကတော့ ဘောင်ကျဉ််းနေတယ်။ လယ်သမားနဲ့ဆိုင်တဲ့ကိစ္စ လယ်ထဲမှာ ပြချင်ပြမှာပေါ့။ လယ်သမားတွေက လွှတ်တော်ရုံးရှေ့မှာ ပြချင်လည်းပြမှာဘဲ။ အမေရိကန် သံရုံးကပြောတဲ့ကိစ္စကို အမေရိကန်သံရုံးရှေ့မှာပြမှာဘဲ။ သူတို့ပေးတဲ့နေရာမှာဘဲ ပြရမယ်ဆိုတာကတော့ သဘာဝ မကျဘူး။”ဟု သူကဆက်ဆိုသည်။
တရားရုံးထုတ်စစ်ဆေးရာတွင် သက်သေများစစ်ရန်ကျန်းသေးသဖြင့် ကိုယ်တိုင်ခံဝန်ဖြင့်လွှတ်လိုက်ကာ သြဂုတ်လ ၁၇ ရက်နေ့သို့ ထပ်မံချိန်ဆိုလိုက်ကြောင်း သိရသည်။
ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာအစိုးရမှ ဘင်္ဂလီအား “ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝန်း” အသုံးအနှုန်းဟု ပြောင်းလဲခေါ်ဆိုရန် တင်သွင်းခဲ့သည့် အပေါ် ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်ပွဲများကို ရန်ကုန်နှင့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ပြုလုပ်ခဲ့ကြသည်။







