WFP ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာသော မော်တော်ဘုတ် မင်းပြားနယ်တွင် နစ်မြုပ်

WFP ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာသော မော်တော်ဘုတ် မင်းပြားနယ်တွင် နစ်မြုပ်
by -
နိရဥ္စရာ
WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်လာသော ကုန်တင် မော်တော်ဘုတ် တစ်စီးသည် ဇူလိုင်လ ၂၈ ညနေ ၃ နာရီ ခန့်က မင်းပြားမြို့အနီးတွင် နစ်မြုပ်သွားခဲ့ကြောင်း သတင်း ရရှိသည်။

ကုန်တင် မော်တော်ဘုတ်တွင် တင်ဆောင်လာသော ကယ်ဆယ်ရေး ပစ္စည်းများမှာ ဆန်အိတ် ၆၃၇ အိတ်၊ ပဲ ၈၁ အိတ်၊ စားဆီ ၁၂ လုံးစီပါ၀င်သော ပါကင် ၁၉၄ ခုနှင့် ဆား ၃ အိတ်ဖြစ်ပြီး ရခိုင်ရေဘေး ဒုက္ခသည်များ အတွက် ပို့ဆောင်သည့် ရိက္ခာပစ္စည်းများ ဖြစ်ကြောင်း စက်လှေနစ်မြုပ်သည့် နေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ မင်းပြားမြို့ နာရေးကူညီမှု အသင်းမှ အဖွဲ့ဝင် ဦးစောမိုးကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“စက်လှေက တစ်စီးလုံးမြုပ်သွားတာပါ။ ဦးပိုင်းအဖျားလေးပဲ ပေါ်ပါတယ်။ ဆန်အိတ်တွေ၊ ပဲအိတ်တွေ အားလုံး နစ်မြုပ်ပြီးတော့ ရေစိုသွားပါတယ်။ ပြန်ဆယ်ရတဲ့ပစ္စည်းတွေကလည်း ရေစိုသွားတဲ့အတွက် ပြန်အသုံးပြုလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး”ဟု ဦးစောမိုးကျော်က ပြောသည်။

၄င်းကုန်တင် မော်တော်ဘုတ်သည် မင်းပြားမြို့သို့ မရောက်မီ ကြပ်စင်တောင်မော် အနီးတွင် ပန်ကာ အရွက်ကျိုးပြီး ဆိုက်ကပ်ထားစဉ် နစ်မြုပ်သွားခြင်း ဖြစ်သည်ဟု သိရသည်။

boat sinking 1

“ဒီလဆန်းပိုင်းက ရေနစ်မြုပ်ခဲ့တဲ့ မင်းပြားမြို့နယ်က ကျေးရွာတွေဆီကို  အကူအညီသွားပေးဖို့ ကမ္ဘာ့ စားနပ် ရိက္ခာအဖွဲ့ WFP ရဲ့ ကုန်တင် မော်တော်ဘုတ်ဟာ စစ်တွေမြို့ကနေ ထွက်ခွာ လာရာမှာ  ပန်ကာ ၄ ရွက်ထဲက တစ်ရွက်ကျိုးသွားတဲ့အတွက် မင်းပြားမြို့နယ် ကြပ်စင်တောင်မော်အနီး ဆောက်လုပ်ရေး ဆိပ်ကမ်း ဖောင်တော်မှာ ဆိုက်ကပ်ထားပါတယ်။   ဒီရေကျလာတဲ့အခါ သောင်ကမ်းပါးစောင်းမှာ စက်လှေ တင်ပြီး နစ်မြုပ်သွားတာဖြစ်ပါတယ်” ဟု ဦးစောမိုးကျော်က ဆက်လက် ပြောကြားသည်။

နစ်မြုပ်သွားသော စက်လှေထဲမှ ပစ္စည်းများကို WFP မှ တာဝန်ရှိသူများက အလုပ်သမားများကို ငှားရမ်းပြီး ဆယ်ယူခဲ့ကြသော်လည်း ပစ္စည်းအများစုမှာ ရေစိုပြီး ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စက်လှေနစ်မြုပ်၍ ပစ္စည်းများ ဆုံးရှုံးခဲ့သော်လည်း လူတစ်ဦးတစ်ယောက်မှ  ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းလည်း သိရှိရသည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...