ဘင်္ဂလီသွေးနှောဟု ကမန်တိုင်းရင်းသားများကို ဖော်ပြခြင်းမှာ ဂုဏ်သိက္ခာကို စော်ကားရာရောက်ဟုဆို

ဘင်္ဂလီသွေးနှောဟု ကမန်တိုင်းရင်းသားများကို ဖော်ပြခြင်းမှာ ဂုဏ်သိက္ခာကို စော်ကားရာရောက်ဟုဆို
by -
နိရဥ္စရာ
သံတွဲမြို့ လဝကမှ ကမန်တိုင်းရင်းသားများကို ဘင်္ဂလီ၊ ဘင်္ဂလီသွေးနှောဟု ဖော်ပြခြင်းမှာ ကမန် တိုင်းရင်းသားများ၏ ဂုဏ်သိက္ခာကို စော်ကားရာရောက်ပြီး ကမန်တိုင်းရင်းသားများကို ပျောက်ပျက်သွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် သဘောပင် ဖြစ်သည်ဟု ကမန်အမျိုးသား ခေါင်းဆောင်များက စွပ်စွဲ ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ လှည်းကူးမြို့နယ် အခြေစိုက် ကမန်တိုင်းရင်းသားလူမှုကွန်ရက် အကြီးအကဲ ၄ဦးမှ ဇူလှိုင်လ ၁၈ ရက်နေ့က  နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးပြီး သံတွဲမြို့နယ် လဝက၏ ကမန်တိုင်းရင်းသားများ အပေါ် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ရပ်တန့်ပေးရန် တောင်းဆိုထားသည့် စာထဲတွင် အထက်ပါအတိုင်း ဖော်ပြထားခြင်း ဖြစ်သည်။

၎င်းစာထဲတွင် “ ရခိုင်ပြည်နယ် သံတွဲလဝက ဌာနမှလည်း ကမန်တိုင်းရင်းသား ကျေးရွာများကို ဘင်္ဂလီ၊ ဘင်္ဂလီသွေးနှောဟု ဖော်ပြထားသည်မှာ ကမန်တိုင်းရင်းသားတို့၏ ဂုဏ်သိက္ခာကို စော်ကားပြီး ကမန်တိုင်းရင်းသားများကို ပျောက်ပျက်သွားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် သဘောပင် ဖြစ်နေပါသည်” ဟု ဖော်ပြပါရှိသည်။

ကမန်တိုင်းရင်းသား လူမှုကွန်ရက်ဥက္ကဋ္ဌ ဦးငွေထွန်းက “ သံတွဲမှာရှိတဲ့ ရခိုင်ဘုရင်တွေ လက်ထက်ကနေ ကျွန်တော်တို့ လေးသည်တော် ကမန်မျိုးဆက်တွေပေါ့ဗျာ။ အဲဒီမျိုးဆက်တွေ ရွာတွေဟာ အရင့် အရင်တည်းကနေ တည်ရှိပြီးတော့ ဘေးပတ်ပတ်လည်မှာ ရခိုင် ဗုဒ္ဓဘာသာ ရွာတွေနဲ့လည်း တဆက်တည်း ရှိခဲ့ပါတယ်။ ဘင်္ဂလီရွာတွေဆိုတာလည်း မရှိခဲ့ပါဘူး။ ဘင်္ဂလီ အခေါ်အဝေါ်ကိုလည်း သူတို့ မကြားခဲ့ပါဘူး။ ရခိုင်လို စကားပြောတယ်။ ရခိုင်လိုဝတ်တယ်။ ရခိုင်လိုနေတယ်။ အခု သူတို့ကို သံတွဲ လဝကမှနေ မဆီမဆိုင်  NVC ကဒ်တွေ ထုတ်ပေးနေတဲ့ အတွက် နိုင်ငံတော် အကြီးအကဲတွေဆီကို စာရေးပြီး ဒီလုပ်ကို ရပ်တန့်ပေးဖို့ တောင်းဆိုရတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

သံတွဲမြိ့နယ် ၂၀၁၅ ခုနှစ်က ပြုလုပ်သော မိုးပွင့်စီမံကိန်းတွင်လည်း သံတွဲမြို့နယ်ရှိ ကမန်တိုင်းရင်းသားများ အနေဖြင့် မှတ်ပုံတင်များ ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း၊ ယခု လက်ရှိ အစိုးရ၏ ရက် ၁၀၀ စီမံကိန်းအရ ဆောင်ရွက်နေသော သစ္စာစီမံချက်တွင်လည်း ရရှိခြင်း မရှိဘဲ ပေါက်တောကျေးရွာနှင့် လင်းသီ ကျေးရွာများတွင် နေထိုင်သော ကမန်တိုင်းရင်းသားများကိုနိုင်ငံသား စိစစ်ရေး ကဒ်ပြားများပြုလုပ်ပေးရာတွင် NVC ( နိုင်ငံသား ဟုတ်/မဟုတ်) စိစစ်သည့် ကဒ်များကို ထုတ်ပေးခဲ့သည်ဟု သူက ဆိုသည်။

“ သံတွဲမှာ ကမန်တိုင်းရင်း ၈၅၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တို့က ကမန်တိုင်းရင်းသားတွေ အတွက် တောင်းဆိုတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ရရှိထားတဲ့ သူတွေ ရှိသလို မရရှိတဲ့သူတွေလည်း ရှိပါတယ်။ မိဘတွေမှာ နိုင်ငံသား စိစစ်ရေး ကဒ်ပြား ရရှိထားတာတွေရှိသလို သားသမီးတွေမှာ မရရှိတာလည်း ရှိပါတယ်။ ဒီဟာတွေကို ရရှိအောင် တောင်းဆိုတာ ဖြစ်ပါတယ်။ ခေတ်စနစ် ပြောင်းသွားတဲ့ အတွက် နိုင်ငံတော်က လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ တစ်ခြား လူမျိုးတွေအတွက် တောင်းဆိုတာ မဟုတ်ပါဘူး” ဟု ဦးထွန်းငွေက ဆက်လက် ပြောဆိုသည်။  

ဇူလှိုင်လ ၁၈ ရက်နေ့စွဲနှင့် နိုင်ငံတော် အကြီးအကဲများထံပေးသို့ စာထဲတွင် သံတွဲမြို့နယ် အတွင်းရှိ ကမန်တိုင်းရင်းသားကျေးရွာများကို သံတွဲလဝကဌာနမှ ဘင်္ဂလီဟု သုံးစွဲထားခြင်းနှင့် NVC ကဒ်များ ထုတ်ပေးနေခြင်းအား ပယ်ဖျက်ရပ်တန့်ပေးပြီး နိုင်ငံသား စိစစ်ရေး ကဒ်များ ထုတ်ပေးရန် တောင်းဆိုထားသည်။

စာထဲတွင် ကမန်တိုင်းရင်းသားများမှာ ရှေးယခင်ကပင် သမိုင်းကြောင်းအရ နေထိုင်လာသော လေးသည်တော် ကမန်မျိုးနွယ်ဆက်များ ဖြစ်ပြီး ရခိုင်မျိုးနွယ်စုဝင်များ ဖြစ်သည့် အလျှောက် ရခိုင်လူမျိုးဟုသာ လဝက မှတ်တမ်း များတွင် ခေတ်အဆက်ဆက် ဖော်ပြခံယူလာကြသူများ ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲများထံ ပေးပို့သော စာတွင် ဖော်ပြထားသည်။

သံတွဲမြို့နယ် အတွင်း ကျေးရွာအလိုက် သီးသန့်တည်ရှိသော ကမန်တိုင်းရင်းသား ကျေးရွာများမှာ ၁။ မြို့တောင်ရွာ ၂။ ကျောင်းတိုက်ရွာ ၃။ ဇာတီပြင်ရွာ ၄။ နတ်ပြင်ရွာ၊ ၅။ နွားစားပြင်ရွာ ၆။ ပိန်းတောကြီးရွာ ရ။ ပြင်ယောင်းရွာ ၈။ မြင်းစိုင်းမော်ရွာ ၉။ လင်းသီရွာ ၁၀။ မဲကျွန်းရွာများ ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားများနှင့် ကမန်တိုင်းရင်းသားများ ရောနှောနေထိုင်သော ကျေးရွာများမှာ ၁။ ကျောက်ကြီးရွာ ၂။ ကျီးကန်းရဲရွာ ၃။ ဆင်တင်လေးရွာ ၄။ ဇီးဖြူကုန်းရွာ ၅။ ကင်းမော်ရွာ ၆။ ခြံပြင်ရွာ ရ။ ပေါက်တောရွာ ၈။ ရွှေကျောင်းပြင်ရွာ ၉။ သပြုချိုင် ကျေးရွာများ ဖြစ်ကြောင်း စာထဲတွင် ဖော်ပြသည်။

မိဘဘိုးဘွားများ၏ လဝကဌာနရှိ စာရင်ဇယားများကို စိစစ်ခြင်း မရှိဘဲ ကမန်တိုင်းရင်းသားများကို NVC ကဒ် ထုတ်ပေးခြင်းမှာ တိုင်းရင်းသား နိုင်ငံသား တစ်ဦး၏ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေကြောင်း ဖော်ပြထားသည်။

 လက်ရှိ ကြံုတွေ့နေရမှုများပတ်သက်၍  ကမန်တိုင်းရင်းသား လူမှုကွန်ရက်မှ ဦးခင်မောင်လှ (နာယက)၊ ဦးထွန်းငွေ (ဥက္ကဋ္ဌ)၊ ဦးမင်းနိုင် (ဒုဥက္ကဋ္ဌ) နှင့် ဦးမောင်မောင်ဦး (အထွေထွေ အတွင်းရေးမှူး) တို့မှ စာရေးဖြင့်ရေးသားပြီး နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြထားသလို မိတ္တူကိုလည်း NLD နာယက ဦးတင်ဦး၊ ပြည်ထောင်စုလဝက ၀န်ကြီး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် လဝက ဌာနများသို့လည်း ပေးပို့ခဲ့သည်ဟု သိရသည်။

Kaman

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...