ALP မှ ခိုင်မျိုးထွန်းကို ၁၅ မိနစ်ခန့်သာ ရုံးထုတ်ရမန်ယူပြီး ထောင်သို့ ပြန်ခေါ်သွား

ALP မှ ခိုင်မျိုးထွန်းကို ၁၅ မိနစ်ခန့်သာ ရုံးထုတ်ရမန်ယူပြီး ထောင်သို့ ပြန်ခေါ်သွား
by -
နိရဥ္စရာ
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းအား စစ်တွေမြို့နယ် တရားရုံးတွင် ၁၅ မိနစ်ခန့်သာ ရုံးတင် ရမန်ယူပြီး စစ်တွေထောင်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

စစ်တွေမြို့နယ် တရားရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ ဦးမြတ်ထွန်းအား နိရဥ္စရာကဆက်သွယ်မေးမြန်းရာ သူက “ ၁၅ မိနစ်လောက်ဘဲ တရားရုံးမှာ ရုံးတင်ခဲ့မယ်ထင်ပါတယ်။ ရမန် ၁၅ ရက်ယူပြီး ကားနဲ့ ပြန်လည်ပြီး စစ်တွေ ထောင်ထဲကို ပြန်ယူသွားခဲ့ပါတယ်” ဟု ပြောဆိုသည်။

ခိုင်မျိုးထွန်းအား ယနေ့ စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ရာ ရုံးထုတ်ရာသို့ လူပေါင်း ၁၀၀ ကျော် စုရုံးရောက်ရှိလာပြီး တရားရုံးသို့ တိုးဝှေ့ ၀င်ရောက်ခဲ့ကြသဖြင့် အနည်းငယ် ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့သည်ဟုလည်း သိရသည်။

“ အဓိက လူတွေ စိတ်ဝင်တစားနဲ့ လာကြတာက ခိုင်မျိုးထွန်းကို ဖမ်းဆီးတာဟာ ALP က ထုတ်ပြန်လိုက်တဲ့ ကြေညာချက် တစ်စောင်ကြောင့် ဖမ်းဆီး တာ ဖြစ်တယ်။ သူထုတ်တဲ့ ကြေညာချက်မှာ ပါတဲ့ အချက်အလက်တွေဟာ အမှန်တွေ ဖြစ်တဲ့ အတွက် အမှန်တရားကို ဖော်ထုတ်လို့ ဖမ်းဆီးခံရတာ အပေါ်မှာ လူတွေက မခံချင်တာကြောင့် ခုလို လာရောက်ကြတာ ဖြစ်ပါတယ်” ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

၎င်းပြင် ALP က ထုတ်သော ကြေညာချက်မှာ ပြည်သူလူထု အမှန်တကယ် ခံစားကြံုတွေ့နေရသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြထားသဖြင့် ၎င်းကြေညာချက်မှာ မှန်ကန်ပြီး အမှား မပါရှိသဖြင့် ကြေညာချက်နှင့် ပတ်သက်ပြီး ပါတီမှ တာဝန်ခံရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ပါတီမှ ထုတ်သော ကြေညာချက် တစ်စောင်ကြောင့် အဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံရသည်မှာ ပါတီ ထိပ်တန်းခေါင်းဆောင် တစ်ဦးမှ ၎င်းကြေညာချက်မှာ ပါတီနှင့် မသက်ဆိုင်ဘဲ ထုတ်သူနှင့်သာ သက်ဆိုင်သည်ဟု ပြောဆိုရာမှ အဖမ်းခံရခြင်း ဖြစ်သည်ဟု သိရှိရသဖြင့် စိတ်မကောင်းကြောင်း၊ ပါတီအနေဖြင့် တာဝန်မခံရာမှ ခိုင်မျိုးထွန်း ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဦးမြတ်ထွန်းက ဆက်လက် ပြောဆိုသည်။  

112122

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီသည် နိုင်ငံတော် အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း တစ်ခု ဖြစ်သော်လည်း ရက္ခိုင့်တပ်မတော် အေအေနှင့် မြန်မာ အစိုးရ စစ်တပ်အကြား ဖြစ်ပွားခဲ့သော ရခိုင်ဒေသ စစ်ပွဲများတွင် အရပ်သားများ ပေါ်တာဆွဲခြင်း၊ ရွာများကို ပြောင်းရွှေ့ခြင်းများ၊ အရပ်သားများအား သုံ့ပန်းအဖြစ် ဖမ်းဆီးပြီး လူသား ဒိုင်းကာများ အဖြစ် အသုံးပြုခြင်းမှာ ကုလသမဂ္ဂမှ ချမှတ်ထားသော လူ့အခွင့်အရေး စံချိန် စံညွှန်းများနှင့် မကိုက်ညီသဖြင့် ရပ်တန့်ရန် ဧပြီ ၂၇ ရက်နေ့ ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။

ထိုကြေညာချက် ထုတ်ပြန်ပြီးနောက် ကြေညာချက်ပါ အချက်အလက်များသည် မြန်မာ့ တပ်မတော်အား ဂုဏ်သိက္ခာထိခိုက်ပြီး တပ်မတော်ကို အကြည်အညိုပျက်စေသည်ဟု ဆိုကာ ရခိုင်ပြည်နယ် အခြေစိုက် ဒကစ စစ်တွေမှ စစ်ဦးစီး ပထမတန်း ဒုဗိုလ်ကြီးတစ်ဦးမှ ခိုင်မျိုးထွန်းအား ပုဒ်မ ၅၀၅ (ခ)၊ ၅၀၅ (ဂ) များဖြင့် စစ်တွေမြို့နယ်  တရားရုံးတွင်  ဦးတိုက်လျှာက်ကာ တရားစွဲဆိုခဲ့သည်။

၎င်းနောက်ပိုင်းတွင် ခိုင်မျိုးထွန်းအား စစ်တွေမြို့နယ် တရားရုံးကဆင့်ခေါ်ခဲ့သော်လည်း ရုံးသို့ လာရောက်ခြင်း မရှိသဖြင့် ဖမ်းဝရမ်းထုတ်ရာမှ ဇူလိူင်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့၌ ရဲကဖမ်းဆီးခဲ့သည်။

ယနေ့ စစ်တွေမြို့နယ် တရားရုံးသို့ လာရောက်ကြည့်ရှုခဲ့သူ အမျိုးသမီး တစ်ဦးကလည်း ခိုင်မျိုးထွန်းမှာ အများအကျိုးအတွက် ဆောင်ရွက်နေသူ လူငယ် ခေါင်းဆောင် တစ်ဦးဖြစ်ပြီး အမှန်ကို ဖွင့်ချရာမှ ဖမ်းဆီးခံရခြင်း ဖြစ်သဖြင့် လာရောက်ကြည့်ရှုခြင်း ဖြစ်ကြောင်း၊ ရဲများခွင့်မပြုသည့် ကြားထဲက ခိုင်မျိုးထွန်းအား တွေ့ဆုံ နုတ်ဆက်ခွင့်ရ၍ ၀မ်းသာမိကြောင်း ပြောဆိုသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...