လေပြင်းကြောင့် ပြိုကျသည့် ရမ်းဗြဲမြို့နယ်က မူလတန်းကျောင်း ပြန်မပြင်သေး၍ စာသင်ရန်ခက်ခဲ

လေပြင်းကြောင့် ပြိုကျသည့် ရမ်းဗြဲမြို့နယ်က မူလတန်းကျောင်း ပြန်မပြင်သေး၍ စာသင်ရန်ခက်ခဲ
by -
နိရဥ္စရာ
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ စပါးတုံကျေးရွာအုပ်စု၊ တောလယ်ကျေးရွာ မူလတန်း စာသင်ကျောင်းဆောင်ကို နှစ်လခန့် ကြာမြင့် နေပြီဖြစ်သော်လည်း သက်ဆိုင်ရာမှ ပြန်လည် ပြုပြင်ပေးခြင်းမရှိသေးသဖြင့် ကလေးငယ်များ စာသင်ရန် အခက်ခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

တောလယ်ကျေးရွာ အမက စာသင်ကျောင်းသည် ယခုနှစ် မေလ ၂၀ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပေ ၆၀ ခန့် ခေါင်းမိုးပွင့်ထွက်သွားပြီး ပြန်လည်ပြုပြင်ပေးခြင်းမရှိသေး၍ ကျောင်းသူကျောင်းသားများ စာသင်ရ အခက်အခဲဖြစ်နေကြောင်း ကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးမောင်မောင်ကြီး ကပြောသည်။

“ကျောင်းက လေပြင်းတိုက်ခတ်လို့ တစ်ဝက်လောက်ပျက်စီးသွားပါတယ်။ ပြန်လည် ပြုပြင်ပေးဖို့ ပြည်နယ် ၀န်ကြီးချုပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စာနဲ့တင်ပြပြီးပါပြီ။ ဒါပေမယ့် ထူးခြားမလာဘူး။ စာသင်နေရတဲ့ ကလေးတွေဟာ  မပျက်စီးဘဲကျန်ခဲ့တဲ့ ထောင့်မှာ ကပ်ပြီး စာသင်နေရပါတယ်။ အမြန်ဆုံး ပြုပြင်ပေးစေချင်ပါတယ်“ဟု ၎င်းက ဆက်လက် ပြောသည်။

တောလယ်ကျေးရွာ အမက စာသင်ကျောင်းသည် အလျား ၁၂၀ ပေ အနံ ၃၀ ပေရှိကြောင်း၊ ပေ ၆၀ ခန့် ခေါင်မိုး မရှိဘဲ ဖြစ်နေကြောင်း၊ အချိန်မီ မပြုပြင်ပါက ကျန် အဆောက်အအုံပါ ပျက်စီးသွားနိုင်ကြောင်း  ဦးမောင်မောင်ကြီးက ဆိုသည်။

၎င်းစာသင်ကျောင်းတွင် ကျောင်းသူကျောင်းသား ၃၀ ယောက်တက်ရောက်နေပြီး စာသင်ကျောင်းမှာ ထက်ဝက်ခန့်ပျက်စီးသွား၍ စာသင်ရာတွင် အခက်အခဲရှိနေကြောင်း တောလယ်ကျေးရွာ အမက ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင် ကပြောသည်။

“ ကျောင်းတစ်ကျောင်းမှာ တစ်ဝက်လောက်ပျက်စီးသွားတော့ ကျန်တဲ့ တစ်ဝက်မှာပဲ စုပြီးစာသင်နေရတယ်။ အခုလို ကျန်တဲ့ တစ်ဘက်မှာ စုပြီးစာသင်နေရတယ်ဆိုတော့ ကျပ်ကျပ်တည်းတည်းဖြစ်တယ်။ မိုးတွေလည်း ပက်တယ်” ဟု ကျောင်းအုပ်ဆရာကြီး ဦးကျော်လွင် ကပြောသည်။

ရမ်းဗြဲမြို့နယ်သည် လက်ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတွင်း ၀န်ကြီး ဦးကျော်လွှင် အနိုင်ရရှိခဲ့သော မြို့နယ် ဖြစ်သည်။

May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...