၂၁ ရာစု ပင်လုံညီလာခံသို့ လူထုအခြေပြု အဖွဲ့အစည်းများကို မဖိတ်ကြားခြင်းမှာ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ ဖြစ်သည်ဟု ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်း ပြော

၂၁ ရာစု ပင်လုံညီလာခံသို့ လူထုအခြေပြု အဖွဲ့အစည်းများကို မဖိတ်ကြားခြင်းမှာ ဒီမိုကရေစီကျင့်စဉ်အတိုင်းသာ ဖြစ်သည်ဟု ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်း ပြော
by -
နိရဥ္စရာ
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သြဂုတ်လတွင် ကျင်းပရန်စီစဉ်နေသည့် ၂၁ ရာစု ပင်လုံညီလာခံသို့ လူထုအခြေပြုအဖွဲ့အစည်း CSO များကို မဖိတ်ကြားခြင်းမှာ ဒီမိုကရေစီ ကျင့်စဉ်အတိုင်းသာ ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ပါ၀င်နေသူ ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ပြောကြားလိုက်သည်။

ဇူလိုင်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်စစ်တွေမြို့ ဦးဥတ္တမခန်းမတွင်ပြုလုပ်ခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေ ဖိုရမ်တွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“လူထုအခြေပြုအဖွဲ့အစည်းတွေဟာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေမှာ ပါ၀င်ဆွေးနွေးလို့ရတယ်။ ဒါပေမယ့် နိုုင်ငံရေးအတွက် အဆုံးအဖြတ်ပေးမယ့် ဆွေးနွေးပွဲတွေမှာတော့ ပါ၀င်ခွင့်မရှိဘူး။ အခု သြဂုတ်လမှာ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံဟာဆိုရင် နိုင်ငံရေးအတွက် ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမယ့် ညီလာခံ ဖြစ်တဲ့ အတွက် လူမှုအဖွဲ့အစည်းတွေဟာ ပါ၀င်လို့မရဘူး။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ၂၁ ရာစု ပင်လုံညီလာခံကို မဖိတ်ကြားခြင်း ဟာဆိုရင် ဒီမိုကရေစီ ကျင့်စဉ် အတိုင်းသာဖြစ်ပါတယ်”ဟု ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ပြောသည်။

လူထုအခြေပြုအဖွဲ့အစည်းများ အနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးများတွင် ရောယှက်မှုမရှိဖို့လိုအပ်ကြောင်း၊ နိုင်ငံရေးအတွက် အကြံပေး၍ ရသော်လည်း နိုင်ငံရေးအရ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းများတွင် ပါ၀င်လျှင် နိုင်ငံရေးပါတီဖြစ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် ပါ၀င်လျှင်လည်း နိုင်ငံရေး ပါတီဖြစ်သွားမည်ဖြစ်ကြောင်း၊ လူထုအခြေပြု အဖွဲ့အစည်းများအနေဖြင့် ငွေကြေးလိုအပ်သော်လည်း စီးပွားရေး အဖွဲ့အစည်းများကဲ့သို့ အကျိုးအမြတ်အတွက် လုပ်လာလျှင်လည်း စီးပွားရေး လုပ်ငန်းအဖွဲ့အစည်း ဖြစ်သွားမည်ဖြစ်ကြောင်း သူက ဆက်လက်ပြောကြားသွားသည်။

ယင်းကြောင့် လူထုအခြေပြု အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် ရောယှက်မှု မရှိစေရန် သတိကြီးစွာထား၍ လုပ်ဆောင်ရမည်ဟု ဆိုသည်။

သို့သော် လူထုအခြေပြု အဖွဲ့အစည်း၏ ရပ်တည်ချက်သဘောထားများကို ရယူနိုင်စေရန် ကြီးကျယ်သည့် ဖိုရမ်တစ်ရပ်ကို အာဏာရအစိုးရအနေဖြင့် ကျင်းပပေးအပ်ဖို့ လိုအပ်ကြောင်း ပြောသည်။

သူက ဆက်လက်၍ ၂၁ ရာစု ပင်လုံညီလာခံသည် လက်ရှိအစိုးရက သတ်မှတ်လိုက်သည့် သဘောတရား တရပ်မဟုတ်ကြောင်း၊ တိုင်းရင်းသားများက အစဉ်တစိုက် ပြောဆို တောင်းဆိုလာသည့် သဘောတရား ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုသည်မှာလည်း အစိုးရက ခေါ်ယူခြင်းမှ အစပျိုးခဲ့ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက နိုင်ငံရေးကိစ္စကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရဘဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဖြင့်သာ ဖြေရှင်း နိုင်မည်ဆိုသည်ကို ကာလကြာရှည်စွာ တစိုက်မတ်မတ် တောင်းဆိုလာခြင်းမှ ပေါက်ဖွားလာခြင်းသာ ဖြစ်သည်ဟု ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်းက ပြောကြားခဲ့သည်။

ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော နိုင်ငံရေး ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား မြှင့်တင်ခြင်းခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေ ဖိုရမ်ကို တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေးနှင့် သုတေသနအသင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဖြစ်မြောက်ရေးအတွက် ပံ့ပိုး ကူညီပေးခဲ့ခြင်းဖြစ်သည်။

ဖိုရမ်ကို နံနက် ၁၀ နာရီခန့်တွင် စတင်ပြီး နေ့လယ် ၁ နာရီတွင် ပြီးဆုံးခဲ့သည်။

အဆိုပါဖိုရမ်သို့ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များ၊ ရခိုင်ဝါရင့်နိုင်ငံရေးသမားများ၊ မြို့မိမြို့ဖများ၊ ရခိုင်အမျိုးသမီးအစည်းအရုံးမှ ခေါင်းဆောင်များနှင့် စိတ်ပါ၀င်စားသူ ၁၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...