ပိုက်လိုင်းကြောင့်ဆုံးရှံုးနစ်နာမှုများကို ဖြေရှင်းမပေးပါက ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည်

ပိုက်လိုင်းကြောင့်ဆုံးရှံုးနစ်နာမှုများကို ဖြေရှင်းမပေးပါက ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည်
by -
နိရဥ္စရာ
အမ်းမြို့နယ်တွင် ရေနံနှင့်ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးမြေယာနှင့်် ဆုံးရှံုးနစ်နာမှုများကို တာဝန်ရှိသူများက ဖြေရှင်းမပေးပါက မူလရည်မှန်းချက်ဖြစ်သော ရခိုင် ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဝင် ရှေ့နေ ဦးဟန်မင်းလှိုင်က ပြောသည်။

” MOGE နဲ့ CNPC ကိုယ်စားလှယ်တွေက ကွင်းဆင်းတိုင်းတာမည့်နေရာကို လိုက်ပါဖို့ ငြင်းဆန်တဲ့အတွက် စုံးစမ်းစစ်ဆေးရေး ရပ်တန့်သွားပါတယ်။ ပျက်ကွက်တဲ့အထဲမှာ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် မြေစာရင်း ဦးစီးလည်းပါပါတယ်။ သူက ဒုဦးစီးကို အစားထိုးထည့်ပေးပါတယ်။ ဒါကြောင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်း ရပ်တန့်သွားပါတယ်။ လယ်မြေတွေ ပျက်စီးမှုကို ဖြေရှင်းမပေးရင်  မူလရည်မှန်းချက်အတိုင်း ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒဖော်ထုတ်သွားမယ်“ဟု ရှေ့နေဦးဟန်မင်းလှိုင် ကပြောသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် အုပ်ချုပ်ရေးမှူးမှ အမှန်တကယ် ဂတ်စ်နှင့် ရေနံပိုက်လိုင်းကြောင့် ပျက်စီးသွား လယ်မြေများနှင့် တစ်ခြားမြေများ အတိုင်းအတာမည်မျှ ရှိ၊မရှိကိုလည်းကောင်း၊ လျော်ကြေးငွေ ရရှိခြင်း ရှိ၊မရှိ ကိုသော်လည်းကောင်း စစ်ဆေးရန် အတွက် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ တစ်ခုကို များမကြာမီက ဌာနဆိုင်ရာ ၀န်ထမ်များ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ MOGE နှင့် CNPC မှ ကိုယ်စားလှယ် ၁၇ ဦးဖြင့်  စုံစမ်း စစ်ဆေးရေး ကော်မတီ တစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။

သို့သော် အမှန်တကယ် အမ်းမြို့နယ်ရှိ ရေနံနှင့်ဂတ်စ်ပိုက်လိုင်းကြောင့် ပျက်စီးမြေယာနှင့်် ဆုံးရှံုးနစ်နာမှုများကို စစ်ဆေးမည့် အချိန်တွင် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (China National Petroleum Corporation)နှင့် မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း(Myanmar Oil & Gas Enterprise)မှ ကိုယ်စားလှယ်များ အပါအဝင် ကော်မတီ ဥက္ကဋ္ဌ မြို့နယ် မြေတိုင်းဦးစီးမှူးမှာ  ကွင်းဆင်း စစ်ဆေးမည့် နေရာသို့ လိုက်ပါရန် ငြင်းဆန်ခဲ့သည်။

ကွင်းဆင်းစစ်ဆေးရန် ကံမြင့်ကန်ရွာသို့ရောက်သောအခါ CNPC ကိုယ်စားလှယ်များက ကိုယ်စားလှယ် အနေဖြင့်လာရောက်ခြင်းမဟုတ်ကြောင်း၊ သတင်းယူရန်သက်သက်လာရောခြင်းဖြစ်ကြောင်း နှင့် MOGE ကိုယ်စားလှယ်ကလည်း CNPC မပါ၀င်ပါက မလိုက်နိုင်ကြောင်း ၂၀၁၂ခုနှစ် ကတည်းက လျော်ကြေး ပေးအပ်ထားပြီဟု ပြောဆို၍ ပြန်သွားခဲ့ကြောင်း ရှေ့နေဦးဟန်မင်းလှိုင် ကပြောသည်။

အမ်းမြို့နယ်၊ တောင်ဖီလာကျေးရွာ အုပ်စုတစ်ခုတည်းတွင်  ရေနံနှင့်ဂတ်စ် ပိုက်လိုင်း ဖြတ်သန်း မှုကြောင့်  တောင်သူများကို ပေးအပ်ငွေမှာ စာရင်းအရ ကျပ်ငွေသိန်း(၈၀၀၀)ကျော်ရှိသော်လည်း တောင်သူများအမှန်တကယ်ရရှိငွေသည် ကျပ်ငွေသိန်း(၃၀၀၀)ကျော်သာရှိကြောင်း ဦးဟန်မင်းလှိုင် ကပြောသည်။

“ အမ်းမြို့နယ်မှာ အမှန်တကယ်စိုက်ပျိုးတဲ့သူက တစ်ယောက် ငွေထုတ်သွားတဲ့သူက တစ်ယောက် ဖြစ်နေတယ်။ အမှန်တကယ်စာရင်းအရဆိုရင် ထုတ်ယူငွေ ကျပ်သိန်း ရှစ်ထောင်ကျော်တယ်။ ကျပ်သိန်း ငါးထောင် လောက်ကွာဟနေတယ်။ ဒီဟာတွေကို တိတိကျကျစုံးစမ်းစစ်ဆေးမယ်ဆိုရင် သက်ဆိုင်တဲ့ ဌာနမှ ပုဂ္ဂိုလ်တွေလည်းပါနိုင်တယ်။ စုံးစမ်းစစ်ဆေးမယ်ဆိုရင် ဘယ်သူတွေ ပါ၀င်နေသလဲဆိုတာ ပေါ်လာမှာပါ” ဟု ဦးဟန်မင်းလှိုင် ကပြောသည်။

ပိုက်လိုင်းဖြတ်သန်းမှုကြောင့် လူမှုစီးပွားဘဝဆုံးရှံုးနစ်နာမှုများရှိသဖြင့် အမ်းမြို့နယ်၊ ကျောက်မြောင်းရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် မေလ(၈)ရက်နေ့မှ (၉)ရက်နေ့ထိ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံတောင်းဆိုခဲ့သည်။ ထို့နောက် (၁၇)ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့အား မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့သည်။

စုံစမ်းစစ်ဆေးရာတွင် ဌာနဆိုင်ရာမှပုဂ္ဂိုလ်များက ပူးပေါင်းပါ၀င်မှုအားနည်းပြီး တောင်သူများအပေါ် လေးစားမှု မရှိသည်ကိုတွေ့ရ၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်းထားသော စုံးစမ်းစစ်ဆေးရေးအဖွဲ့အား ပယ်ဖျက်ပေးပြီး ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက်ဖွဲ့စည်းပေးပါရန် စတင်တောင်းဆိုလိုက်ကြောင်း ၎င်းကပြောသည်။

အမ်းမြို့နယ်တွင် ရေနံနှင့် ဂတ်စ်ပိုက်လိုင်းဖြတ်သန်းခံရသော ကျေးရွာအုပ်စု(၉)အုပ်စုနှင့် ကျေးရွာပေါင်း (၃၇)ရွာမှ ဒေသခံများ၏ ဆုံးရှံုးနစ်နာမှုများကို တာဝန်ယူဖြေရှင်းပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်းသိရသည်။

ပိုက်လိုင်းကြောင့် လယ်ယာမြေများနှင့် တစ်ခြားမြေများပျက်စီးသွားသဖြင့် ဆက်လက် ဖြေရှင်း မပေးပါက  ထိခိုက်နစ်နာ သူ တောင်သူများ အနေဖြင့် မူလရည်မှန်းချက်ဖြစ်သော ရခိုင်ပြည်နယ် အစိုးရ ရုံးရှေ့တွင် ဆန္ဒပြသွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလာခြင်း ဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...