“ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖိတ်ထားတဲ့ အတွက် မနက် ရ နာရီကနေ အလိုတော်ပြည့်ကျောင်းကို သွားခဲ့ပါတယ်။ ညနေ ၃ နာရီခွဲထိ ရောက်မလာတဲ့ အတွက် ကျွန်တော်တို့ အိမ်ပြန်လာတယ်။ ရေဘေးဒုက္ခသည်တွေကတော့ ဆက်စောင့်နေသူတွေ ရှိသလို ပြန်သွားတဲ့သူတွေလည်း ရှိတာကို တွေ့ခဲ့ရပါတယ်” ဟု မြောက်ဦးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လာရောက်မည် ဖြစ်ပြီး ရေဘေး အကူအညီများ ပေးအပ်မည်ဆို၍ ရေနစ်ခဲ့သော မြို့ပေါ်ရပ်ကွက်များ မှ ပြည်သူများ၊ ကျေးလက်ဒေသမှ တာဝန်ရှိသူ အရပ်လူကြီးများနှင့် ရေဘေးသင့် ပြည်သူများ၊ အစိုးရ ၀န်ထမ်းများသည် မနက် ရ နာရီမှ ညနေ ၄ နာရီခွဲထိ စောင့်ဆိုင်းနေခဲ့ကြပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့အား အိမ်ပြန်ခိုင်းခဲ့သည်ဟု သိရသည်။
“ ကာကွယ်ရေး ဦးစီးချုပ် ရောက်မယ်ဆိုပြီး လူပေါင်း တစ်ထောင်ကျော်ခန့်၊ ဓမ္မာရုံမှာ အပြည့် စောင့်ဆိုင်းနေခဲ့ကြပါတယ်။ ရိက္ခာတွေကိုလည်း စုပုံထားရှိခဲ့ပါတယ်။ ရာသီဥတု ဆိုးရွားနေတဲ့ အတွက် ကာကွယ်ရေး ဦးစီးချုပ် မလာရောက်နိုင်ဘူးဆိုတဲ့ အတွက် ညနေ ၄ နာရီကျော်မှာ လူတွေ ပြန်သွားကြပါတယ်” ဟု အလိုတော်ပြည့်ကျောင်းမှ ဦးဇင်း တစ်ပါးက နိရဥ္စရာသို့ ပြောဆိုသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယနေ့ နံနက် စစ်တွေမြို့သို့ တပ်မတော် လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ပြီး ရာသီဥတု အခြေအနေကြောင့် ရဟတ်ယာဉ်ဖြင့် မြောက်ဦးသို့ သွားရောက်မည့် အစီအစဉ်ကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။







