ရခိုင်ပြည်မှ မူဆလင်အသိုင်းအဝိုင်း အသုံးအနှုန်းကိုကန့်ကွက်ကြောင်း ရခိုင်ပြည်မှ အနှံ့အပြားတွင် ဆန္ဒ ဖော်ထုတ်

ရခိုင်ပြည်မှ မူဆလင်အသိုင်းအဝိုင်း အသုံးအနှုန်းကိုကန့်ကွက်ကြောင်း ရခိုင်ပြည်မှ အနှံ့အပြားတွင် ဆန္ဒ ဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်မှ မူဆလင်အသိုင်းအဝိုင်းဟူသော အသုံးအနှုန်းကို လက်မခံကြောင်း  ကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲများကို ဇူလှိုင်လ ၃ ရက်နေ့က  ရခိုင်ပြည်နယ် ၁၃ မြို့နယ်တွင် တစ်ပြိုင်နက် တည်း ပြုလုပ်ခဲ့ကြသည်။

စစ်တွေ

စစ်တွေတွင်ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲတွင် လူပေါင်း တစ်ထောင်ကျော် ပူးပေါင်းပါ၀င်ခဲ့ပြီး ၀င်္ကာဘာကွင်းမှ စုရပ်ပြုလုပ်ပြီး မြို့ကို ပတ်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သူ ဦးရာဇာမင်းအောင်က “ ကျွန်တော်တို့ ရခိုင်လူမျိုးဆိုတာ ဒီရခိုင်မြေပေါ်မှာ လွတ်လပ်တဲ့ လူမျိုး တစ်မျိုးအနေနဲ့ ဘိုးစဉ် ဘောင်ဆက် နေထိုင်လာခဲ့တဲ့ ရခိုင်လူမျိုးကို ရခိုင်လို့ မသုံးဘဲ ရခိုင်ပြည်နယ်က ဗုဒ္ဓဘာသာဝင်လို့ သုံးနှုန်းတာဟာ ကျွန်တော်တို့ လူမျိုးကို အထူး စော်ကားရာရောက်ပြီး တိုင်းရင်းသား တန်းတူရေးကိုရော စည်းလုံးညီညွှတ်ရေးကိုပါ ဖောက်ဖျက်ရာ ရောက်ပါတယ်။ ဒါကြောင့် ဒီကနေ့ ဆန္ဒပြပွဲကို ပြုလုပ်ရတာပါ” ဟု ပြောဆိုသည်။

၎င်းပြင် ရခိုင်ပြည်နယ်တွင် ရှိသော မူဆလင်အများစုမှာ ဘင်္ဂလီများ ဖြစ်သဖြင့် ဘင်္ဂလီလို့သာ ဆက်လက်ခေါ်ဆိုမည် ဖြစ်ကြောင်းသူက ဆက်လက် ပြောကြားသည်။

“ ကျွန်တော်တို့  ဘင်္ဂလီကို ဘင်္ဂလီလို့ဘဲ ခေါ်သွားမှာ ဖြစ်ပါတယ်။ ယခင်ကလည်း  ဒီိလိုဘဲ ခေါ်လာတာ ဖြစ်တယ်။ အင်္ဂလိပ်ခေတ်ကလည်း ဒီလိုဘဲ ခေါ်လာတာ ဖြစ်တယ်။ ဒါကြောင့် ရခိုင်ကို ရခိုင်လို့ ခေါ်မယ်။ ဘင်္ဂလီကို ဘင်္ဂလီလို့ဘဲ ဆက်ခေါ်မှာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ဆန္ဒဖော်ထုတ်သူများသည် ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

တောင်ကုတ်

တောင်ကုတ်မြို့နယ်မှ ကိုဝင်းဇော်က “ကျွန်တော်တို့ အဓိက ရည်ရွယ်ချက် ရခိုင်ပြည်မှ မူဆလင် အသိုင်းအဝိုင်းဆိုတဲ့ အသုံးအနှုန်းကို လုံးဝလက်မခံဘူး။ ဘင်္ဂလီကို ဘင်္ဂလီလို့ဘဲ ဆက်ခေါ်သွားမယ်။  ဆက်လက်ပြီး အာဏာပိုင်တွေက သုံးနှုန်းမယ်ဆိုရင် ဆက်လက်ပြီး သပိတ်စခန်းဖွင့် ကန့်ကွက် သွားမှာပါ” ဟု နိရဥ္စရာ ရခိုင်သတင်းဌာနသို့ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ပြီး ဟောပြောခဲ့သူ ကိုသန်းလွင်ကလည်း လက်ရှိ အစိုးရကို မေးလိုသော မေးခွန်းများ ရှိပါကြောင်း၊ ၎င်းမှာ ရခိုင်ပြည်မှ မူဆလင် အသုံးနှုန်း သုံးခြင်းဖြင့် လက်ရှိ ရခိုင်ပြည်နယ်၏ ပဋိပက္ခကို ဖြေရှင်း၍ ရမည်ဟု ထင်ပါသလားဆိုသည့် မေးခွန်းနှင့် လူထုက ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်းဟု သုံးနှုန်းသည်ကို ကန့်ကွက်နေသော လူထု၏ ဆန္ဒကို NLD အစိုးရက မလုပ်ရဲဘူးဆိုရင် ဒီအစိုးရအပေါ် လူထုက ဆက်လက် ထောက်ခံမည်ဟု ထင်သလားဆိုသည့် မေးခွန်းပင် ဖြစ်ကြောင်း သူက ပြောဆိုသည်။  

တောင်ကုတ်မြို့ဆန္ဒထုပ်ဖေါ်ပွဲတွင် လူပေါင်း  ၁၅၀၀ ခန့် ပါ၀င်ကာ ဆေးရုံကြီးရှေ့မှ  မြို့တစ်ပတ် လမ်းလျှောက် ဆန္ဒဖော်ထုပ်ပြီး ဆေးရုံရှေ့တွင်ပြန်လည် အဆုံးသတ်ခဲ့ကြောင်းသိရသည်။

မင်းပြား

မင်းပြားမြို့ဆန္ဒဖော်ထုတ်ပွဲတွင် လူပေါင်း သုံးထောင်ကျော်ပါ၀င်ခဲ့ပြီး မြို့ကို ပတ်ကာ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု သိရသည်။

မင်းပြားမြို့နယ်မှ ဦးဆောင်သူ ဦးသိန်းစံကလည်း “ကျွန်တော်တို့ ရခိုင်ပြည်သူတို့ကိုအလေးမထားဘဲ ခုလို သုံးနှုန်းမျိုးကို လုံးဝကန့်ကွက် ရှုတ်ချပါတယ်။ ရခိုင်မှာ ခိုးဝင်ဘင်္ဂလီလို့သာ ခေါ်တယ် ရခိုင် မူဆလင်အသိုင်းအဝိုင်းလို့ လုံးဝမရှိဘူး။ ဆက်လက်ပြီးမသုံးဖို့လည်းပြောလိုပါတယ်’’ ဟု နိရဥ္ဇရာသို့ပြောသည်။

narinjara04

သံတွဲ

သံတွဲမြို့တွင် ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲတွင် လူဦးရေ တစ်သောင်းကျော် ပူးပေါင်း ပါ၀င်ပြီး ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအဝိုင်းဟု သုံးနှုန်းမည်ကို ကန့်ကွက်ခဲ့ကြသည်ဟု ဦးဆောင်သူ ဦးစောလှိုင်မှ ပြောသည်။

“ကျွန်တော်တို့က ရခိုင်မူဆလင်အသိုင်းအဝိုင်းဆိုတာကို လုံးဝလက်မခံပါဘူ။ ဒါကြောင့် ဆန္ဒဖော်ထုတ်ရတာပါ။ ဆက်လက်သုံးစွဲ ပြောဆိုနေမယ်ဆိုုရင် ဒီထက်ကြီးကျယ်စွာ ကန့်ကွက် သွားမှာပါ။ ရခိုင်ပြည်မှာနေထိုင်တဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်သူရခိုင်လူမျိုးဆိုတာ ရခိုင်တွေက ရခိုင်ပြည်မှာနေတယ် ဗုဒ္ဓဘာသာကိုးကွယ်တာမှန်တယ်။ ဒါပေမယ့် သူတို့ က ရခိုင်ပြည်က မဟုတ်ဘူး။ တစ်ဘက်နိုင်ငံကနေ ခိုးဝင်ပြီး နေထိုင်နေကြတဲ့ မူဆလင်တွေ သာ ဖြစ်ပါတယ်” ဟု ဦးစောလှိုင်မှ နိ်ရဥ္ဇရာ သို့ပြောသည်။

ပေါက်တော

ပေါက်တောမြို့နယ် ဆန္ဒဖော်ထုတ်ပွဲတွင်လည်း အင်းအား နှစ်ထောင်ခန့် ပူးပေါင်း ပါ၀င်ခဲ့သည်။ ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအဝိုင်းဟု ဆက်လက် ခေါ်ဝေါ် သုံးစွဲမည်ဆိုပါက တစ်ပြည်နယ်လုံး ဒီထက်မက စည်းလုံး လှုပ်ရှားပြီး ဆန့်ကျင် ကန့်ကွက်သွားမည်  ဖြစ်ကြောင်း ဦးဆောင်သူ ကိုကျော်ကျော်ခိုင်မှ ပြောသည်။

“ ရခိုင်ဟာ ရခိုင်ဘဲ။ ဘင်္ဂလီဟာ  ဘင်္ဂလီဘဲ။ ဘင်္ဂလီလို့ မခေါ်ဘဲ ရခိုင်ပြည်နယ်က မူဆလင်လို့ ခေါ်မယ်ဆိုတာ ဧည့်သည်ကို အိမ်ရှင်ဖြစ်အောင် လုပ်တဲ့ လုပ်ရပ် ဖြစ်တဲ့ အတွက် လုံးဝ မထောက်ခံဘူး။ ကန့်ကွက်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ဘူးသီးတောင်

“ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ်မှာလည်း လူဦးရေနှစ်ထောင်ကျော်လောက်ပါ၀င် ကန့်ကွက် ပါတယ်။ ဧစေတီကျောင်းကဘဲ စထွက်ပြီးတော့ မြို့တွင်းလှည့်လည်ကာ ဧစေတီကျောင်းမှာဘဲ ဟောပြောပွဲလုပ်မှာပါ။ ဟောပြောတဲ့သူတွေကတော့ လွတ်တော်ကိုယ်စာလှယ် ဦးထွန်းအောင်သိန်း ကျွန်တော်ရယ်၊ နောက်ဘုန်းကြီးတစ်ပါးတို့ ဟောပြောခဲ့ကြပါတယ်” ဟု ဦးအောင်သောင်းချေမှ နိရဥ္ဇရာသို့ပြောသည်။

အမ်း

ဒီကနေ့အမ်းမြို့နယ်တွင် ဆန္ဒပြတောင်းဆိုခြင်းမျိုး မဟုတ်ဘဲတွေဆုံ ဆွေးနွေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရ သည်။

“ဦးဇင်းတို့အမ်းမှာက ဟိုအရင်ကလည်း ဘင်္ဂလီကုလားမရှိဘူး ခုလည်းမရှိဘူး၊ နောင်လည်းမရှိအောင် ထိမ်းသိမ်းစောင့်ရှောက်ရမှာပေါ့။ အဲဒါတွေဟောပြောပြီး ဦးဇင်းတို့အနေနဲ့ ဘင်္ဂလီတွေ မဝင်ရောက် နိုင်အောင် မြေရောင်းခြင်းစတဲ့ ကိစ္စရပ်တွေကို စည်းကမ်းချက်တွေထုပ် ထိန်းချုပ်သွားမှာပါ” ဟု အမ်းမြို့ ကမ်းဒိတ်ကျောင်း ဆရာတော် ဦးစန္တာမယ မှနိရဥ္ဇရာသို့ပြောသည်။

ပုဏ္ဍားကျွန်း

ပုဏ္ဍားကျွန်းမြို့ ဆန္ဒဖော်ထုတ်ပွဲတွင် လူပေါင်း ၁၅၀၀ ကျော် ပါ၀င်ခဲ့သည်ဟုဒေသခံ တစ်ဦးဖြစ်သူ ဦးမောင်လှအောင်က ပြောသည်။

“ ရခိုင်ပြည် မပျောက်ပျက်ရေး၊ ရခိုင်လူထု မပျောက်ပျက်ရေး အတွက် တောင်းဆိုတယ်၊ ကမ္ဘာ တည်သရွေ့ ရခိုင်ပြည်တည်ရမယ်၊ ဘင်္ဂလီကို ဘင်္ဂလီဟု ခေါ်ရမယ်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မပြိုကွဲဖို့ အရေးကြီးတယ်။ လူ့အခွင့်အရေးသမားတွေ ရခိုင်လူမျိုးကို လေးစား အားနာပါလို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို တောင်းဆိုတာကို အစိုးရက မလိုက်လျော့ဘူးဆိုရင် ရခိုင်ပြည်နယ် ရခိုင်တိုင်းရင်းသားတွေက စည်းလုံးညီညွတ်စွာနဲ့ ဒီထက်မက အင်အားတွေနဲ့ ဆန္ဒပြတောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ဦးမောင်လှအောင်က ဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲအား  ရသေ့တောင်၊ ကျောက်ဖြူ၊ ဂွ၊ မာန်အောင်မြို့နယ်များတွင် အကြောင်း အမျိုးမျိုး ကြောင့် ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင်အသုံးပြုသည့် ကြွေးကြော်သံများမှာ အောက်ပါ အတိုင်း ဖြစ်ကြောင်း သိရသည်။

(၁)ရခိုင်ပြည်မပျောက်ပျက််ရေး
(၂)ရခိုင်လူမျိုးမပျောက်ပျက်ရေး
(၃)ကမ္ဘာတည်သရွေ့ရခိုင်တည်ရမည်
(၄)ဘင်္ဂလီကိုဘင်္ဂလီဟုခေါ်ဆိုပါ
(၅)တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး
(၆)လူ့အခွင့်ရေးဆိုသူများ ရခိုင်တိုင်းရင်းသားကို အားနာပါ စသည်တို့ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြောင်းသိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...