“ ဖြစ်တာက ဟုတ်မှန်တယ်။ အခု သူ့ကို ပေါက်တောမြို့နယ်ဆေးရုံတွင် တင်ထားရပါတယ်။ မနေ့က ညဥ့် ၁၂ နာရီ အချိန်မှာ အထိုးခံရတဲ့ အရပ်သား ပေါက်တောကို ရောက်လာပြီး ဆေးရုံတင်ထားရပါတယ်” ဟု ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောသည်။
ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး သိရှိရသည်မှာ ပေါက်တောမြို့နယ် အရှေ့ဖရုံကာကျွန်း (ဒေသအခေါ် အင်ဂရားချိုင်ကျွန်း) ဗျိုင်းသစ်အုပ်စု ကြံခင်း ပိုက်ဆိပ်တွင် လင်မယားနှစ်ဦး ဖြစ်သူ ဦးအေးသိန်းချေ (၃၇) နှစ်နှင့် ဒေါ်လှခင် (၃၇) နှစ်တို့ လင်မယားချင်း စကားများ ရန်ဖြစ်ကြရာမှ ဒေါ်လှခင်မှ င/ရဗ္ဗက်ချိုင် ကျေးရွာတွင် ယာယီ စခန်းချထားသော ရဲကင်းသို့ သွားရောက် တိုင်ကြားခဲ့သည်ဟု သိရသည်။
တိုင်းကြားပြီးနောက်ပိုင်း ရဲကင်းစခန်းမှ ဒုတပ်ကြပ် သန်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးခန့် လိုက်ပါလာကာ ဦးကျော်သိန်းချေအား လက်ထိပ်နှင့် အတူ ရွာထဲရှိ ဗွီဒီယိုရုံထဲတိုင်တစ်ခုတွင် ပူးချည်နှောင်ကာ ရိုက်ပုတ် ထိုးကြိတ်ကြသည်ဟု ဆိုသည်။
“ မိသားစု အိမ်တွင်းရေးပြဿနာကြောင့် လင်မယား စကားများရာကနေ ရန်ဖြစ်ကြတာပါ။ ဒါကို ရဲက ယောကျ်ားဖြစ်သူကို ဖမ်းဆီး ရိုက်ပုတ်တာ ဖြစ်ပါတယ်။ ကျော်သိန်းချေ ကို ပြန်လွတ်ပေးဖို့ မိသားစုတွေက ကျပ်တစ်သိန်း တိတိကို ရဲကို ပေးလိုက်ရပါတယ်” ဟု ဆေးရုံသို့ လိုက်ပို့ရန် ပါလာသူ အမည်မဖော်လိုသူ မိသားစုဝင် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ပေါက်တောမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ရဲအုပ်ထွန်းသာမှ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယခုလို ပြောဆိုသည်။
“ ပေါက်တောမြို့ကနေ မိုင် ၂၀၊ ၃၀ ခန့်ဝေးတဲ့ အရှေ့ဖရုံကာ ကျွန်း၊ ငမဲပြင်ရွာမှာ လူသတ်မှု ဖြစ်ထားတဲ့ အတွက် နယ်မြေလုံခြံုရေး အတွက် လှည့်ကင်း ဆောင်ရွက်ဖို့ ကျွန်တော်တို့ဆီက တပ်ဖွဲ့တစ်ခုကို အဲဒီ ဒေသမှာ ချထားတာ ရှိပါတယ်။ အဲဒီ တပ်ဖွဲ့က င/ရဗ္ဗက်ချိုင် ရွာကို ရောက်နေတဲ့ အချိန်မှာ ကြံခင်း ပိုက်ဆိပ်က ဦးအေးသိန်းချေမယားက သူမရဲ့ ယောကျ်ားဖြစ်သူ အရက်မူးပြီး သူ့ကို ရိုက်ပုတ်နေတယ်လို့ လာတိုင်တဲ့ အတွက် ကျော်သိန်းချေကို ဖမ်းဆီးရာမှာ အဖမ်းမခံဘဲ ရိုင်းစိုင်းစွာ ဆဲဆိုတယ်လို့ ဆိုတယ်။ ဒါကြောင့် အကြမ်းနည်းနဲ့ ဖမ်းခဲ့ရရာမှာ ခုလို ရိုက်ပုတ် ထိုးကြိတ်မှု ဖြစ်သွားတာလို့ သိရပါတယ်။ ကျော်သိန်းချေကို ဒဏ်ရာရတဲ့ အတွက် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။ အခင်း ဖြစ်ပွားရာမှာ ပါ၀င်တဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးကိုလည်း ပေါက်တောမြို့ပေါ်ကို ခေါ်ယူပြီး ရဲတပ်ဖွဲ့ စည်းကမ်းအတိုင်း အရေးယူဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ပြောသည်။







