စစ်တွေမြို့ ဆတ်ရိုးကျ တံတားကို ကျပ် ၆ ဘီလီယံ အကုန်ကျခံ၍ ပြည်နယ်အစိုးရ တည်ဆောက်မည်

စစ်တွေမြို့ ဆတ်ရိုးကျ တံတားကို ကျပ် ၆ ဘီလီယံ အကုန်ကျခံ၍ ပြည်နယ်အစိုးရ တည်ဆောက်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆတ်ရိုးကျချောင်းကို ဖြတ်၍ တံတားတစ်စင်းကို ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ကျပ် ငွေ ၆ ဘီလီယံ အကုန်ကျခံ၍ တည်ဆောက်မည်ဟု စစ်တွေမြို့ ရပ်မိရပ်ဖ တစ်ဦးထံမှ သိရသည်။

“ခန့်မှန်း တွက်ချက်မှုအရ ဆတ်ရိုးကျ တံတားကို တည်ဆောက်ဖို့ ကျပ်ငွေ ၆ ဘီလီယံ ကုန်ကျမယ်လို့ သိရှိရပါတယ်။ အခုတော့ စီမံကိန်းအကောင်အထည် ဖေါ်ဖို့အတွက် ၂ ဘီလီယံ ခွင့်ပြုချက် ကျလာပါပြီ၊ လုပ်ငန်းအကောင်အထည် အဖေါ်ဖို့ မြေနေရာ အတွက် နေရာနှစ်ခုကို လျာတားထားပါတယ်”ဟု စစ်တွေမြို့ ရပ်မိရပ်ဖ ဦးမောင်သိန်းဖြူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပထမနေရာအဖြစ် လမ်းမကြီးအတိုင်း ကုတိုးဆိပ်နေရာကို လျာတားထားသော်လည်း အင်ဂျင်နီယာများ၏ ပြောပြချက်အရ လူနေအိမ်တစ်ချို့ နောက်ဆုတ်ပေးရမည့် အနေအထားရှိ၍ ဖြစ်နိုင်ခြေနည်းပါးပြီး၊ ဒုတိယနေရာအဖြစ် ကုန်သွယ်လယ်ယာရုံးအနီးရှိ ဆင်ကူးလမ်းကုတိုးဆိပ်သည် လူနေအိမ်များနှင့် လွတ်ကင်းသည့် အပြင် ချောင်းတစ်ဘက် ကမ်းရှိ ဗျိုင်းဖြူရွာဝင်လမ်းနှင့် တည့်တည့်ဖြစ်၍ ဖြစ်နိုင်ခြေ ပိုများသည်ဟု သိရသည်။

အဆိုပါတံတားတည်ဆောက်ရန် ယခု အစိုးရလက်ထက်တွင် ခွင့်ပြုခဲ့ခြင်း မဟုတ်ဘဲ ယခင် သမ္မတ သိန်းစိန်အစိုးရထက်လက်က ခွင့်ပြုခဲ့သည်ဟု သိရသည်။

ယင်းတံတားကို တည်ဆောက်ဖြစ်ပါက ချောင်းကို နေ့စဉ်ကုတိုး အသုံးပြု၍ ဖြတ်ကူးနေရ သူများအတွက် သွားလာရေး အဆင်ပြေလာမည့်အပြင် စစ်တွေမြို့ စည်ပင်ဖွံ့ဖြိုးရေး အတွက် များစွာ အထောက်အကူ ဖြစ်စေမည်ဟု စစ်တွေဒေသခံများက ပြောသည်။

ဆတ်ရိုးကျတံတား တည်ဆောက်ရေးကို အလျင်အမြန်အကောင်အထည်ဖေါ်နိုင်ရန် ၁၀ ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီး အဆိုပါကော်မတီထဲတွင် ပြည်နယ်ဝန်ကြီး ၃ ဦး၊ ပြည်နယ်လမ်းဦစီးဌာန ညွှန်ကြားရေးမှူးနှင့် စစ်တွေမြို့ ရပ်မိရပ်ဖများပါ၀င်ပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ဥက္ကဋ္ဌဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ မေ လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

စစ်တွေမြို့နယ် ကျေးတော ကျေးရွာအုပ်စုတွင် နေထိုင်သော ဒေသခံပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများမှ စစ်တွေမြို့ပေါ်သို့ သွားလာသည့်အခါ ဆတ်ရိုးကျ ချောင်းအတွင်းမှ ကုတိုးဖြင့် ဖြတ်သန်း၍ သွားလာနေရသည့်အတွက် မိုးရာသီတွင် အန္တရာယ် များလွန်းသောကြောင့် ဆတ်ရိုးကျ ချောင်းကူးတံတား တည်ဆောက်နိုင်ရေး အတွက် အောက်ပါပုဂ္ဂိုလ်များပါ၀င်သော စစ်တွေမြို့-ဆတ်ရိုးကျချောင်းကူးတံတား တည်ဆောက်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုတည်ဆောက်မည့် တံတားသည် ဆတ်ရိုးကျချောင်းကို ဖြတ်၍ တည်ဆောက်သည့် တံတားများအနက် တတိယမြောက် တံတားဖြစ်ပြီး ဆတ်ရိုးကျချောင်းဝပိုင်းတွင် တည်ဆောက်ရန် လျာတားထားသဖြင့် စစ်တွေမြို့ကို ပိုမို လှပစေပြီး အဆင့်မီ မြို့တစ်မြို့ အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု စစ်တွေမြို့ ရပ်မိရပ်ဖများထံမှ သိရှိရသည်။

အဆိုပါ တံတားနှင့် ပတ်သက်ပြီး ပိုမို သိရှိရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံကို ဖုန်းဖြင့် ၂ ရက်တိတိ အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ပထမနေ့တွင် အစည်းဝေးလုပ်နေ၍ ဖြေဆိုခြင်း မရှိခဲ့သလို မေလ ၂၃ ရက်နေ့တွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

စစ်တွေ ဆတ်ရိုးကျချောင်း/ ဓာတ်ပုံ- နိရဥ္စရာ

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...