ကျောက်ဖြူမြို့နယ်မှ အသက် ၂၀ အရွယ် မိန်းကလေးသုံးဦးအား တရုတ်မယားအဖြစ် ရောင်းချရန် ကြံစည်မှုဖြင့် အမျိုးသမီးလေးဦးအား ဖမ်းဆီး

ကျောက်ဖြူမြို့နယ်မှ အသက် ၂၀ အရွယ် မိန်းကလေးသုံးဦးအား တရုတ်မယားအဖြစ် ရောင်းချရန် ကြံစည်မှုဖြင့် အမျိုးသမီးလေးဦးအား ဖမ်းဆီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အမျိုးသမီးကြီး ၄ ဦးက အသက် (၂၀) အရွယ် အမျိုးသမီးငယ် ၃ ဦးအား တရုတ်ပြည်သို့ ခေါ်ယူပြီး တရုတ်မယားအဖြစ် ရောင်းစားရန်ကြံစည်ခဲ့မှုဖြင့် မေလ ၁၈ ရက်နေ့က ရဲမှ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသည့် အမျိုးသမီးများမှာ ကျောက်ဖြူမြို့နယ်၊ ဆားပြင်ကွင်းရွာမှ ဒေါ်မြသန်း အသက်(၄၀)နှစ်၊ ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာအုပ်စု၊ ငလပွေ့ကျေးရွာမှ ဒေါ်စံစံ အသက်(၄၄)နှစ်၊ ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာအုပ်စု၊ ကညင်တောရွာမှ ဒေါ်မရွှေလှ အသက်(၃၉)နှစ်နှင့် ကျောက်ဖြူမြို့၊ အရာရှိ ရပ်ကွက်မှ ဒေါ်နွယ်နွယ် အသက်(၄၂)နှစ်တို့ဖြစ်သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် တောင်ရင်းကျေးရွာမှ မနှင်းစန္ဒာဖြိုး အသက်(၂၁)နှစ်၊ မလကျွန်း ကျေးရွာမှ မသူဇာခင် အသက်(၁၇)နှင့် မဖြူဖြူခင် အသက်(၂၀)နှစ်တို့အား အဆိုပါ အဖမ်းခံရသည့် အမျိုးသမီး ၄ ဦးမှ တရုတ် နိုင်ငံသို့ အလုပ်ရမည်ဟုဆိုကာ ခေါ်ယူသွားပြီးနောက် တရုတ် မယားအဖြစ် ရောင်းချရန် စီစဉ်ခဲ့သည်ဟု သိရသည်။

IMG 20160519

တရုတ်နိုင်ငံရွှေလီမြို့မှ ထွက်ပြေးလွတ်မြောက်လာသူ မနှင်းစန္ဒာဖြိုးက “ တရုတ်နိုင်ငံမှာ ဘောင်းဘီနဲ့ ဖိနပ် စက်ရုံမှာ အလုပ်သွင်းပေးမယ်။ တစ်လမှာ မြန်မာငွေ ကျပ်တစ်သိန်းလောက် ရရှိမယ်လို့ ဒေါ်စံစံက ပြောတဲ့ အတွက် အလုပ်လုပ်မယ်ဆိုပြီး လိုက်သွားတာပါ။ ဧပြီလ(၃၀)ရက်နေ့ကပင် ကျောက်ဖြူက ကားနဲ့ ရန်ကုန်သို့ စတင်ထွက်ပါတယ်။ တရုတ်နိုင်ငံကိုရောက်တော့ အပျိုဆိုရင် မြန်မာကျပ်ငွေသိန်း(၅၀)ရမယ်၊ အိမ်ထောင် ကျဖူးတယ်ဆိုရင် မြန်မာကျပ်ငွေ(၃၅)သိန်း ရမယ်ဆိုပြီးတော့ ဒေါ်စံစံအပါအဝင် ပွဲစားအချင်းချင်း ပြောတာကို ကြားလိုက်တော့မှ ရောင်းစားလိုက်ပြီဆိုတာကိုသိရတယ်။ ဒါကြောင့် ညတွင်းချင်း သုံးယောက်စလုံး တည်းခိုခန်းမှ ထွက်ပြေးလာတယ်” ဟု ပြောသည်။

ထွက်ပြေး လွတ်မြောက်လာသူ မဖြူဖြူခင်ကို နိရဥ္စရာက မေးမြန်းခဲ့ရာတွင် ဒေါ်မရွှေလှက သူမအား တရုတ် နိုင်ငံရှိ ဖိနပ်စက်ရုံ၊ စပျစ်စက်ရုံတွင် အလုပ်လုပ်မည်ဆိုပါက စရိတ်ငြိမ်းပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊  ကုန်ကျ စရိတ်ကို ၂ နှစ် ခန့် ကြာမှ ဖြတ်တောက်မည်မည်ဟု ပြောဆိုကြောင်း၊ သင်္ကြန်မတိုင်မီကပင် လိုက်သွားခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ရောက်သောအခါ တရုတ်အမျိုးသားနှင့် လက်ထပ်ရမည် ဖြစ်ကြောင်း၊ လက်မထပ်ပါက ဝေးလံသော ဒေသသို့ ပို့ဆောင်မည်ပစ်မည် ခြိမ်းခြောက်ကြောင်း၊ သို့အတွက် ထွက်ပြေးလာခဲ့ကြောင်း ပြောဆိုသည်။

မဖြူဖြူခင်ကလည်း “ အလုပ်ရမယ်လို့ပြော အမှန်တကယ်ထင်ပြီးလိုက်သွားတာပေါ့။ အစခါ ဒီလိုမှ မထင်ထားလို့ပါ” ဟု ပြောကြားသည်။

တရုတ်နိုင်ငံ၊ ရွှေလီမြို့နေ၊ မြန်မာနိုင်ငံသား ဦးမိုးဝေ ဆိုသူက အကူအညီပေး၍ မူဆယ်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ကားသမားများ၏ အကူအညီဖြင့် မူဆယ်မှ မန္တလေး၊ မန္တလေးမှ စစ်တွေသို့ ရောက်ရှိ လာခဲ့ကြောင်း ၎င်းအမျိုးသမီးငယ်များက ပြောကြားသည်။

စစ်တွေမြို့သို့ အရောက်တွင် သူတို့သုံးဦးအား စစ်တွေလူကုန်တားဆီးနှိမ်​နင်​း​ရေးတပ် ​စု လကတ (၅) ရုံးသို့ခေါ်ဆောင် စစ်ဆေးခဲ့ပြီးနောက် ရဲမှူး ကျော်ညွန့် ဦးစီးတပ်ဖွဲ့ဝင်သုံးဦးမှ မိန်းကလေး သုံးဦးအား စစ်တွေမှ ကျောက်ဖြူမြို့သို့ ရွှေပြည်တန်အမြန်ယာဉ်ဖြင့်ပို့ဆောင်ခဲ့သည်။

လူကုန်ကူးမှုနှင့်ပတ်သက်၍ ပွဲစားအမျိုးသမီးများအား လူကုန်​တားဆီးနှိမ်​နင်​း​ရေးတပ် ​စု(စစ်​​တွေ)မှ ရဲမှူး ကျော်ညွန့် ဦးစီးအဖွဲ့နှင့် ​ကျောက်​ဖြူမြို့မရဲစခန်​းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ရဲထွန်း၊ ရဲတက မျိုးမင်းထိုက်၊ ရဲမေ ဒုတက အေးအေးသိန်း၊ ရဲမေ ရဲတပ်သား ပြံုးပြံုးချိုတို့နှင့် ရခိုင်အမျိုးသမီးအစည်းအရုံး(ကျောက်ဖြူ)မှ ဒေါ်စောအုန်းအုန်းမြင့်နှင့် ဦးမောင်သန်းအေး တို့ပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ မေလ(၁၈)ရက်နေ့က သူတို့၏ နေအိမ်အသီးသီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ကျောက်ဖြူရဲစခန်းမှ သိရသည်။

တရုတ်နိုင်ငံရှိ ဘောင်းဘီချုပ် ဖိနပ်စက်ရုံတွင်  အလုပ်သွင်းပေးမည်ဟုပြောဆို၍ တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ပို့ဆောင်ရာတွင် ပါ၀င်သူ ဒေါ်မြသန်း၊ ဒေါ်စံစံတို့နှင့်ဆက်စပ်ပတ်သက်သူများကို အရေးယူပေးပါရန် နှင်းစန္ဒာဖြိုးမှ တရားလိုလုပ်တိုင်တမ်း၍ ကျောက်ဖြူမြို့မရဲစခန်းမှ  လကတပုဒ်မ-၂၄ အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

၎င်းအမှုကို ကျောက်ဖြူမြို့မရဲစခန်းမှ ရဲအုပ် ရဲထွန်းမှလက်ခံစစ်ဆေးလျက်ရှိပြီး အမှုနှင့်ပတ်သက်၍ လကတစု (၅)မှ ရဲအုပ် ညီဒေါင်းအား တာဝန်ပေးအပ်ထားကြောင်း သိရသည်။

လူကုန်ကူးခံရသူ အမျိုးသမီးငယ် သုံးဦးအား မေလ ၁၉ ရက် ည​နေ (၃)နာရီခန်​့က ကျောက်ဖြူခရိုင်​အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် မိဘများထံ အခမ်းအနားပြုလုပ်ပြီး အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...