ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ်တွင် ၉၀ ရာခိုင်နှုန်း နိုင်ခြေရှိဟု စစ်တွေမဲဆွယ်စည်းရုံးပွဲ၌ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဆို

ရခိုင်အမျိုးသားပါတီ ရခိုင်ပြည်နယ်တွင် ၉၀ ရာခိုင်နှုန်း နိုင်ခြေရှိဟု စစ်တွေမဲဆွယ်စည်းရုံးပွဲ၌ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ဆို
by -
နိရဥ္စရာ
၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသား ပါတီသည် ရခိုင်ပြည်နယ် တစ်ခုလုံး၌ နိုင်နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိသည်ဟု ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အောက်တိုဘာလ (၁)  ရက်နေ့က ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် ပြုလုပ်သော လူထုမဲဆွယ်စည်း ရုံးရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

ထိုသို့ အောင်နိုင်ရန်အတွက် ပါတီအောင်နိုင်ရေးကိုကော်မတီကို စနစ်တကျ ဖွဲ့စည်းပြီး အကွက်ချ လုပ်ဆောင် နေသည်ဟု ဆိုသည်။

“ပါတီရဲ့စည်းလုံးညီညွတ်ရေးဟာ သံတွဲညီလာခံကတည်းက အက်ကြောင်းလေးတွေရှိခဲ့ပေမယ့် ရခိုင်ပြည်နယ် လွှတ်တော်ကို အပြည့်အဝ ချုပ်ကိုင်နိုင်ရေးနဲ့ ရခိုင်ကံကြမ္မာကို အပြည့်အဝ ဖန်တီးနိုင်ရေးအတွက် အောင်နိုင်ရေး ကော်မတီကို ဖွဲ့စည်းပြီးတော့ အကွက်ချ လုပ်ဆောင်နေပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး၊ ပလက်ဝ၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းတို့ တွင် ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိရေးအတွက် အောင်နိုင်ရေး ဗဟိုကော်မတီနှင့် ဒေသအလိုက် မြို့နယ် အလိုက် အောင်နိုင်ရေး ကော်မတီအဆင့်အဆင့်ကို ဖွဲ့စည်းပြီး စနစ်တကျ အကွက်ချလုပ်ဆောင်နေသည်ဟု သူက ထပ်လောင်း ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးမတိုင်မီကာလကတည်းက ကျွန်တော်က အမ်းနဲ့ဂွတို့မှာ ပါတီ ဆိုင်းဘုတ် ထောင်တာ ရယ်၊ ပြည်သူနဲ့ထိတွေမှုတွေကို ဖိဖိစီးစီးလုပ်ခဲ့ပါတယ်။ မဲဆွယ်စည်းရုံး ရေး ကာလမှာလည်း မာန်အောင်ကို နှစ်ပတ်လောက် မွှေနှောက်ပြီးပါပြီ။ ဦးခိုင်ပြည်စိုးနဲ့ ဦးသာထွန်းလှ တို့ကလည်း သံတွဲနဲ့ တောင်ကုတ်နယ်မြေတွေမှာ မဲဆွယ် စည်းရုံးရေးလုပ်ပြီးတော့၊ ဦးအေးသာအောင် နဲ့ ဦးလှစောတို့ကလည်း သူတို့ရဲ့ အရွေးချယ်ခံမယ့် နေရာတွေမှ မဲဆွယ် စည်းရုံးရေးကို ဖိဖိစီးစီး လုပ်ဆောင်နေပါတယ်”ဟု ပါတီဥက္ကဋ္ဌက ပြောသည်။

ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်အနေဖြင့် မိမိ၏ မဲဆန္ဒနယ်ဖြစ်သော မာန်အောင်၌ မဲဆွယ်စည်းရုံးရေး လုပ်ပြီးနောက် ရခိုင်ပြည်နယ် အနှံ့မဲဆွယ်စည်းရုံးရေး ခရီးစဉ်၏ ပွဲဦးထွက်အဖြစ် စစ်တွေမြို့ ဝင်္ကဘာကွင်းတွင် အောက်တိုဘာလ ၁ ရက်နေ့က စတင်လိုက်သည်။

“ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးလုပ်တဲ့နေရာမှာ ရခိုင်တစ်ပြည်နယ်လုံး မဲဆွယ် စည်းရုံးရေးခရီးစဉ်အဖြစ် ဒီကနေ့ စစ်တွေမှာ စတင်လိုက်ပါပြီ၊ မနက်ဖန် ၂ရက်နေ့မှာ ပေါက်တော၊ ၃ ရက်နေ့မှာ ပုဏ္ဏားကျွန်း၊ ၄ ရက်နေ့မှာ ကျောက်တော်၊ ၅ ရက်နေ့မှာ မင်းပြား၊ ၆-၇ ရက်နေ့မှာ ကမ်းထောင့်ကြီး၊ မြေပုံ၊ ၈-၉-၁၀ မှာအမ်း၊ ၁၁-၁၂-၁၃ မှာ ဂွ၊ နောက်နှစ်ပတ်လောက်ကို မာန်အောင်မှာ ထပ်လုပ်ပြီးတော့ ၂၆-၂၇-၂၈ ရက်နေ့တွေမှာ ရမ်းဗြဲနဲ့ ကျောက်ဖြူ ဧရိယာမှာ မဲဆွယ်စည်းရုံးရေးအတွက် လူထုဟောပြောပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်”ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဗဟိုအောင်နိုင်ရေးမှ ဦးခိုင်ပြည်စိုးနှင့် ဦးသာထွန်းလှတို့သည်လည်း သံတွဲနှင့် တောင်ကုတ်အပြင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင်လည်း လူထုဟောပြောပွဲများကို ပြုလုပ်သွားမည်ဟု သိရသည်။

“ပြည်နယ်လွှတ်တော်ထဲမှာ အပြည့်အဝအနိုင်ရရေးအတွက် ကျွန်တော်က ပြည်နယ်ကိုဆင်းပြီး လုပ်ဆောင်နေချိန်မှာ နိုင်ငံရေး အတွေ့ကြံုရှိပြီး ရင့်ကျက်တဲ့ ဦးအေးသာအောင်နဲ့ ဦးဦးလှစော တို့ကလည်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေမှာ အရွေးခံပြီးတော့ ပြည်ထောင်စု လွှတ်တော်ထဲမှာ အခြားတိုင်းရင်းသားတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်အောင် အကွက်ချလုပ်ဆောင် နေပါတယ်”ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

ပြည်မပါတီများနှင့် တိုင်းရင်းသားပါတီများဖြင့် မဟာမိတ်ဖွဲ့၍ ပြည်ထောင်စုပါလီမန်၏ အနေအထား၊ ပြည်နယ်ပါလီမန်၏ ထိန်းချုပ်မှု၊ ပြည်နယ်အစိုးရ၏ တာဝန်ယူမှုသုံးချက်ဖြင့် ကိုယ့်ပြည်က ထွက်သည့် သယံဇာတကို ပြည့်ပြည့်ဝဝ အသုံးပြုကာ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ဆောက်သွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသွားသည်။

စစ်တွေမြို့တွင်ပြုလုပ်သော ဟောပြောပွဲသို့ ရဟန်းသံဃာများအပါအဝင် ပရိသတ်ထောင်ချီ တက်ရောက် အားပေးခဲ့ကြသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...