“သူ့ကို ရုံးအကူ တစ်ယောက်ရဲ့ ဂျူတီကို ကျနော်က တင်ပြလိုက်တယ်။ အဲဒါကို တင်ပြရမလားဆိုပြီး ရိုက်တာပါ။ နှစ်တစ်လက်မ သစ်သားတုံးနဲ့ ရိုက်ပါတာပါ။ ဦးခေါင်းကို ခုနှစ်ချက် ရိုက်ပါတယ်။ ၂၂ တန်(ချက်) ချုပ်ရပါတယ်”ဟု မြို့နယ် ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့်က ပြောသည်။
အထက်ကို တိုင်ကြားထားမှုများမရှိသော်လည်း ရဲကို တိုင်ကြားထားကြောင်း၊ သို့သော် ယခုအချိန်ထိ အမှုမဖွင့်ရသေးဟု သိရှိရကြောင်း သူက ဆက်လက် ပြောကြားသည်။
“ရဲစခန်းကို တိုင်ကြားထားပါတယ်။ ရဲက နှစ်ကြိမ်လောက်တော့ လာသွားပါတယ်။ တိုင်ချက်ဖွင့်ထားပါ တယ်။ အခုထိ အမှုမဖွင့်ရသေးဘူးလို့ သိရပါတယ်။ ခုလို ရုံးချိန်း အတွင်းမှာ ကျနော်ကို ရိုက်တာဟာ လူမဆန်စွာ နိုင်လိုမင်းထက် လုပ်တယ်လို့ ယူဆပါတယ်”ဟု စည်သူမြင့် ဆက်လက် ပြောဆိုသည်။
ကျောက်ဖြူ ခရိုင်အုပ်ချုပ်ရေးမှူးက တစ်ကြိမ်လာရောက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောလင်းကျော် အနေဖြင့် လာရောက်ကြည့်ရှု့ခြင်း မရှိသည်သာမက တောင်းပန်ခြင်းလည်း ပြုလုပ်မှု မရှိကြောင်း သိရသည်။
“ခရိုင် အုပ်ချုပ်ရေးမှူးတော့ လာကြည့်ပါတယ်။ နေကောင်းအောင် နေပါလို့ ပြောသွားပါတယ်။ ဘယ်လိုဖြေရှင်းပေးမယ်ဆို တာတော့ ပြောဆိုသွားတာ မရှိဘူး။ လက်ရှိကတော့ ကျနော်က ခေါင်းတွေကိုက်တယ်။ ခေါင်းတွေမူးပါတယ်”ဟု စည်သူမြင့်က ပြောဆိုသည်။
အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ဒုရဲအုပ် သောင်းလွှင်က “ဥပဒေအရ အရေးယူရမှာပေါ့။ အခု ဌာနဆိုင်ရာက အရေးယူထားပြီ။ ဌာနဆိုင်ရာက အခု ခုံရုံးတွေဖွဲ့ပြီး စစ်ဆေးပြီး အထက်ကို အစီရင်ခံစာပို့လိုက်ပြီးလို့လည်း သိရပါတယ်။ ကျွန်တော်တို့ဘက်က အရေးယူဖို့ဆိုတာကလည်း မြို့နယ် အုပ်ချုပ်ရေး ဆိုတာကဗျာ။ ကျနော်တို့ ဌာနကြီး တစ်ခုဆိုတော့ ဝန်ထမ်းတစ်ယောက်ကို အရေးယူဖို့ဆိုတာကတော့ အထက်လူကြီးတွေက ဖျောင်းဖျမလား။ ဒါလည်းတွေလည်း ရှိသေးတာပေါ့ဗျာ။ ဒီကောင်လေးကတော့ ထွက်မယ်ဘဲ ပြောနေတော့ အမှုဖွင့် ပေးလိုက်ပါတယ်”ဟု စက်တင်ဘာ ၂၇ ရက်နေ့က ပြောသည်။
အရိုက်ခံရသူ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး စည်သူမြင့် မိခင်မှာ စစ်တွေမှ နေပြီး သားဖြစ်သူကို စောင့်ရှောက်ရန် အမ်းမြို့ ဆေးရုံသို့ ရောက် ရှိနေစဉ် နိရဥ္စရာက မေးမြန်းရာ “ကျွန်မတို့ တရားဥပဒေကြောင်းအရဘဲ ရင်ဆိုင်သွားမှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ အမှန်တရားကို ဖော်ထုတ်ကြဖို့ ပြောလိုပါတယ်။ အခုက မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်တယ်ဆိုတော့ ဘယ်သူမှ မပြောရဲကြဘူးလို့ သိရပါတယ်”ဟု ဆိုသည်။
၎င်းအပြင် မိခင် ဖြစ်သူက သူသားခေါင်းတွင် ၂၂ ချက် ချုပ်ထားရကြောင်း၊ ဦးခေါင်းအတွင်းပိုင်းကို ထိခိုက်မှုများရှိနေမလားဟု သံသယ ဖြစ်နေသဖြင့် လာမည့် အင်္ဂါနေ့တွင် စစ်တွေ ဆေးရုံသို့ ယူဆောင်ရန် စီစဉ်နေကြောင်း ပြောဆိုသည်။
အရိုက်ခံရသူ ဒုအုပ်ချုပ်ရေးမှူး စည်သူမြင့်ကို ယခုအခါ အမ်းမြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် ထားရှိသည်ဟု သိရသည်။







