စစ်တွေကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ် ဆရာမကြီးတိုင်ကြားခံရ

စစ်တွေကွန်ပျူတာတက္ကသိုလ် ကျောင်းအုပ် ဆရာမကြီးတိုင်ကြားခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကွန်ပျူတာတကက္ကသိုလ်မှ ကျောင်းအုပ်ဆရာမကြီး၏ စည်းကမ်း တင်းကြပ်လွန်းမှုနှင့် ဆရာ၊ ဆရာမများအပေါ် မတော်မတရားပြုလုပ်မှုအပေါ်မကျေနပ်၍ ကထိက အပါအဝင် ဆရာဆရာမ ၃၀ ဦးက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လိပ်မူတိုင်ကြားလိုက်သည်ဟု သတင်းရရှိသည်။

ယင်းတိုင်ကြားစာအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု အဆင့်ထိ မိတ္တူပေးပို့ခဲ့သည်ဟု သိရသည်။

တိုင်ကြားစာထဲတွင် နိုင်ငံပိုင်ပစ္စည်းများကို ရောင်းချပြီး မမှန်မကန်ပေးသွင်းမှုနှင့် ဝန်ထမ်းများအား မမှန်မကန် လစာငွေ ဖြတ်တောက်မှုများကို အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်သည်ဟု သိရသည်။

ယခုတစ်ကြိမ်တိုင်ကြားမှုသည် ဒုတိယအကြိမ်ဖြစ်သည်ဟု သိရသည်။

ပထမတစ်ကြိမ်တိုင်ကြားခဲ့စဉ်က အရေးယူဆောင်ရွက်ရန် အဆင့်ထိ တောင်းဆိုခဲ့ခြင်းမျိုး မဟုတ်ပဲ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများအကြား ပြေပြေလည်လည် ဆက်ဆံမှု ပြုလုပ်ရန် အဆင့်သာဖြစ်သည်ဟု သိရသည်။

ပထမအကြိမ်တိုင်ကြားခဲ့စဉ်က နည်းပညာတက္ကသိုလ်ကျောင်းအုပ်နှင့် နောက်နှစ်ဦးပါဝင်သော အဖွဲ့က လာရောက် စိစစ်ခဲ့သည်ဟု ကွန်ပျူတာတက္ကသိုလ်မှ ဆရာဆရာမများ ပြောကြားချက်အရ သိရသည်။

စိစစ်ရာတွင် တက္ကသိုလ်မှ ဆရာဆရာမများကို ကျောင်းအုပ်ဆရာမကြီးနှင့် သီးသန့်စိစစ်ခြင်းမျိုး မဟုတ်ဘဲ အတူတူစိစစ်ခဲ့သဖြင့် တိုင်ကြားခဲ့သည့် ဆရာဆရာမများ လွတ်လွတ်လပ်လပ် ဖြေကြားခွင့် မရရှိခဲ့ဟု ဆိုသည်။

၎င်းအပြင် စိစစ်မှုနောက်ပိုင်း ကျောင်းအုပ်ဆရာမကြီးက ကထိကများနှင့် ဆရာဆရာမများအပေါ် ပိုပြီးဖိနှိပ် ဆက်ဆံမှုများ ရှိလာသည်ဟု  ဆရာ ဆရာမများက ပြောသည်။

“တကယ်လို့ ကျောင်းအုပ်ကြီးကို ဒီကျောင်းကနေ ပြောင်းအောင် လုပ်ကြရင်၊ ဆရာဆရာမတွေ အားလုံးကို ပြောင်းအောင် လုပ်ပြီးမှ သူလည်း ပြောင်းသွားမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုတာ တွေလည်း ရှိပါတယ်”ဟု ကွန်ပျူတာတက္ကသိုလ်မှ ကထိက တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

တိုင်ကြားသည့် စာထဲတွင် ကျောင်းသူကျောင်းသားများနှင့် ကထိက အပါအဝင် ဆရာဆရာမများကို နံနက် ၈ နာရီ ၁၅ မိနစ်ထက် နောက်ကျလျှင် ကျောင်းထဲသို့ ဝင်ခွင့်မပြု၍ ကျောင်းသူ၊ ကျောင်းသား များ စာမသင်ကြားနိုင်ခြင်း၊ ရေ၊ မီး မီတာခများကို တက္ကသိုလ်ဝင်းအတွင်းနေ ဆရာဆရာမများ ပေးဆောင်နေရခြင်း၊ ရန်ကုန်တွင် PHD သွားဖြေသည့် ဆရာဆရာမများ ခွင့်ရက်အနည်းငယ် လွန်သဖြင့် လစာဖြတ်တောက်ခြင်းများ ပြုလုပ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆရာမတစ်ဦးက ပြောသည်။

“တက္ကသိုလ်ဝင်းအထဲမှာနေတဲ့ အခြားတက္ကသိုလ်တွေမှာ ရေခ၊ မီးခ ပေးဆောင်ရတယ်ဆိုတာ မရှိပါဘူး။ ဒီကျောင်းမှာမှ ပေးဆောင်ရတယ်ဆိုတာက လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ”ဟု အဆိုပါ ဆရာမက ပြောသည်။

ယင်းအပြင် ကျောင်းအုပ်ဆရာမကြီးအနေဖြင့် ကျောင်းဆောင်ဟောင်းများကို လေလံတင် ရောင်းချရာတွင် မပါရဟု သတ်မှတ်ထားသည့် သစ်၊ အုတ်၊ တံခါများစသည်တို့ကို ရောင်းချခဲ့သည့် အပြင် ထိုကဲ့သို့ ရောင်းချ၍ ရသည့် ငွေစာရင်း ကိုလည်း နိုင်ငံတော်သို့ မမှန်မကန် တင်ပြမှုများ ရှိနေသည်ကို တွေ့ရှိရ၍ ယင်းကဲ့သို့ ကျောင်းအုပ် ဆရာမကြီးကို အရေးယူပေးရန် တိုင်ကြားလာရခြင်းဖြစ်သည်ဟု သိရှိရသည်။

“ကျောင်းအုပ်ကြီးက ၈ နာရီ ၁၅ မိနစ်ကျော်ရင် ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေကို ဝင်ခွင့် မပြုတော့ဘူး။ အဲ့ဒီလိုလုပ်ခဲ့တဲ့အတွက် ကျောင်းသားတချို့ဟာ ကျောင်းခေါ်ချိန် ရ၅ ရာခိုင်နှုန်း မပြည့်ခဲ့လို့ စာမေးပွဲ မဖြေဆိုခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ခြွင်းချက်အနေနဲ့ ဖြေဆိုခွင့် ပြုပါတယ်”ဟု ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ကျောင်းအုပ်ဆရာမကြီးအနေဖြင့် ကျောင်းသားများအတွက် အခွင့်အရေးများကို စီစဉ်ဆောင်ရွက် ပေးမှု မရှိကြောင်း၊ စာကြည့်တိုက်မှ စာအုပ်များကို ကြည့်ခွင့်မရှိ၊ ငှားခွင့်မရှိကြောင်း၊ သူပထမနှစ် ကျောင်းသားဘဝက ကျောင်းအုပ်ဆရာမကြီးက ဆဲဆိုမှုကို ခံခဲ့ဖူးသည်ဟု ပြောသည်။

“ပထမနှစ်တုန်းက အခန်းထဲကို ၀င်ဆဲတယ်။ ဆဲတာကလည်း ဆရာမတစ်ယောက်က ကျောင်းသူ ကျောင်းသားကို ဆုံးမတဲ့ပုံစံမျိုး မဟုတ်ဘဲ၊ အပြင်လူတစ်ယောက်က ဆဲဆိုတဲ့ပုံစံမျိုးနဲ့ ဆဲဆိုခဲ့ ပါတယ်”ဟု အဆိုပါကျောင်းသားက ပြောသည်။

စစ်တွေမြို့ရှိ ကွန်ပျူတာတက္ကသိုလ်တွင် Computer Science နှင့် Computer Technology ဆိုပြီး ဌာနနှစ်ခုရှိပြီး ပထမနှစ်တွင် ကျောင်းသူကျောင်းသား ၂၂ ဦး၊ ဒုတိယနှစ်တွင် ၂၇ ဦး၊ တတိယနှစ်တွင် ၃၇ ဦး၊ စတုတ္ထနှစ်တွင် ၂၅ ဦး စုစုပေါင်း ၁၁၁ ဦးသာရှိပြီး ကထိကအပါအဝင် ဆရာဆရာမ ၃၅ ဦးရှိသည်ဟု သိရသည်။

အကယ်၍ ကျောင်းအုပ်ဆရာမကြီးကို စနစ်တကျ စစ်ဆေး အရေးယူမှု မရှိပါက ဆရာမအချို့ နှုတ်ထွက်သွားကြမည်ဟု လေ့လာသိရှိရ သည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...