“မယ်ဆွဲစည်းရုံးရေးအတွက် အမ်းကို ရောက်နေပါတယ်။ အမ်းကကော်မရှင်ဆီမှာ သက်ဆိုင်ရာ ဟောပြောပွဲအတွက် ခွင့်ပြုချက်တင်ဖို့ လုပ်နေပါတယ်။ အမ်းမှာ အစီအစဉ်တွေရေးဆွဲပြီးတော့ ခဏကြာရင် တက်တောင်ကို မဲဆွယ်စည်းရုံးရေးအတွက် ဆင်းမှာဖြစ်ပါတယ်” ဟု ဒေါ်ထုမေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ရခိုင်ပြည်နယ်၌ မဲဆွယ်စည်းရုံးခရီးစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် တက်တောင်တွင် စတင်လုပ်ဆောင်ခဲ့သည်ဟု သိရသည်။
ဒေါ်ထုမေ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် အမ်းမြို့နယ် ပြည်နယ်မဲဆန္ဒနယ် အမှတ်လ (၂) မှ ကိုယ်စားလှယ်လောင်းနှင့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်းတို့ ပါ၀င်မည်ဖြစ်ပြီး ပြည်နယ်မဲဆန္ဒနယ် အမှတ် (၂) နေရာမှ စတင်မဲဆွယ်စည်းရုံးရေး လုပ်မည်ဟု သိရသည်။
“ဒေသခံပြည်သူတွေရဲ့အမြင်တွေကတော့ ကျွန်မတို့ ပါတီအပေါ်မှာ ကောင်းကြပါတယ်။ ဟောပြောပွဲ အတွက် ရွာတွေ၊ နယ်တွေက လာဖို့အတွက် ဖိတ်ခေါ်ကြပါတယ်။ ခက်တာကတော့ မဖက်က အတတ်နိုင်ဆုံး ရမ်းဗြဲနဲ့အမ်း ၂ နေရာဖြစ်တဲ့ အခါမှာ နယ်ကျယ်တဲ့အတွက် သူတို့လိုချင်တဲ့ရက်နဲ့ မသွားနိုင်တဲ့ရက်က ကွက်တိ မကျနိုင်တဲ့ အပေါ်မှာ မနည်းနည်းလေး ညှိရတာမျိုး ရှိမှာပါ”ဟု ဒေါ်ထုမေက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်း အများစုမှာ အမျိုးသားဖြစ်နေသည့်အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါ၀င်လာခြင်း၏ အားသာချက်တစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံရေးမှာ အမျိုးသမီးပါ၀င်လာသည့်အတွက် နိုင်ငံရေးသည် ကြောက်စရာမဟုတ်၊ အမျိုးသမီးများသည်ပင် ရှေ့၌ဦးဆောင်မှု အခန်းကဏ္ဍက လုပ်ဆောင်နေပြီဟု မြင်သွားပြီး နိုင်ငံရေးလောကထဲတွင် အမျိုးသမီးပါ၀င်မှုကို ပိုရစေပြီး အမျိုးသားပါ၀င်မှုကိုလည်း ခါတိုင်းထက်ပိုပြီး ခိုင်မာမှု ရစေနိုင်မည်ဟု ယုံကြည်သည်ဟု ဒေါ်ထုမေက ပြောသည်။
ဒေါ်ထုမေ နိုင်ငံရေးလောကထဲတွင် ပါ၀င်လာသည့်အတွက် ဒေသခံအမျိုးသမီးများသည် မဲဆွယ်စည်းရုံးရေးများတွင် ပူးပေါင်းပါ၀င်ခြင်းနှင့် မဲရုံမှူးများအဖြစ် ပါဝင်ဆောင်ရွက်ကြမည်ဟု ကမ်းလှမ်းမှုများရှိလာသည်ဟု သိရသည်။
မထုမေသည် ရမ်းဗြဲမြိ့နယ်၌ မဲထည့်ခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ခဲ့ရသည်ဟု သိရသည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ မိမိကို မဲပေးမည့်နေရာ၌ ရှိနေသော ပြည်သူများအနေဖြင့် ဒီမိုကရေစီ အပြောင်းအလဲ တွင် ပြည်သူများ အခန်းကဏ္ဍသည် အင်မတန်အရေးပါပြီး ကိုယ့်တစ်မဲသည် အစိုးရ တစ်ရပ်ဖွဲ့ရန်အတွက် အဘယ်လောက်အရေးပါကြောင်းကို သိရှိစေရန်နှင့် ထိုအခွင့်အရေးကို ပြည်သူများ အပြည့်အဝ အသုံးချတတ်စေရန် တိုက်တွန်းနှိုးဆော်သည့်အနေဖြင့် ပြုလုပ် ရခြင်း ဖြစ်သည်ဟု သိရသည်။







