အဆိုပါညှိနှိုင်းဆွေးနွေးပွဲကို ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး မိဘက်အဖွဲ့၏ ရေဘေးသင့် ဒေသမှ ပြည်သူများအား ပြန်လည် ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်များကို စနစ်တကျ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ဒေသအသီးသီးမှ ရခိုင်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များအပြင် INGO အဖွဲ့များမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ယင်းဆွေးနွေးပွဲတွင် အဖွဲ့အစည်းတစ်ခုချင်းစီ၏ ရခိုင်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် လုပ်ဆောင်ခဲ့မှုများ၊ လက်ရှိဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်လုပ်ကိုင်မည့် စီမံကိန်းများကို အတိုချုပ်ဆွေးနွေးခဲ့ကြသည်။
လူမှုအဖွဲ့အစည်းများထဲမှ ဝံလက်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖေါင်းဒေးရှင်း၊ ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစု၊ ရခိုင်လူငယ်မျိုးဆက်သစ်၊ မြောက်ဦးအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ စေတီပြင်ပ ရဟိတလူငယ်အဖွဲ့၊ ရခိုင်အမျိုးသားကွန်ရက်၊ PFP ၊ ပျိုးပင်အဖွဲ့နှင့် ဒေါက်တာစောမြအောင် ဖေါင်ဒေးရှင်းတို့မှ ရခိုင်ရေဘေးသင့်ဒေသများတွင် အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့မှုများကို မျှဝေခဲ့ကြသည်။
“ကျွန်တော်တို့ ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုကနေပြီးတော့ ပရဟိတလူငယ်များဆိုတဲ့ အဖွဲ့နာမည်နဲ့ ဆန်အိပ် ၂ဝဝဝ ကျော်ကို လှူဒါန်းခဲ့ပြီးတော့၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး စစ်တမ်းတွေကောက်နေပါတယ်။ ကျွန်တော်တို့ လက်ထဲမှာ ကျန်ရှိနေသေးတဲ့ သိန်း ၃ဝဝ ကျပ်နဲ့ စာရေးကရိယာတွေ ဖြန့်ဝေသွားပါမယ်”ဟု ရခိုင်မျိုးဆက်သစ် နိုင်ငံရေးအင်အားစုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဒေါက်တာစောမြအောင် ဖေါင်ဒေးရှင်းမှ လှူဒါန်းရာတွင် အိမ်မရှိ၍ လမ်းဘေးတွင် တဲထိုးနေရသူများကို ဦးစားပေးကူညီပြီး၊ ယင်းအထဲမှ မွေးကင်းစမိခင်များကို ပထမ ဦးစားပေးကူညီကာ၊ အဘိုးအို အဘွား အိုများ၊ မစွမ်းပြင်းသူများစသည်ဖြင့် အဓိက အကူအညီလိုအပ်သူများကို ကူညီပြီး၊ အခြားအဖွဲ့အစည်း များ အနေဖြင့်လည်း ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယဦးစားပေးခွဲပြီး အကူညီပေးသင့်သည်ဟု ဒေါ်ခင်သန်းက ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများထဲမှ ဒိန်းမတ် လူမှုရေးအဖွဲ့၊ UNICEF, OXFAN, နိုင်ငံတကာ ကယ်ဆယ်ရေး RI, LWF နှင့် တက်လမ်းစီမံကိန်းတို့က ရခိုင်ရေဘေးသင့်ကျေးရွာများသို့ ကူညီနေမှုများနှင့် ၎င်းတို့၏ ပုံမှန်လုပ်ဆောင်များကို ဖလှယ်ခဲ့ကြသည်။
နိုင်တကာကယ်ဆယ်ရေးအဖွဲ့ RI အနေဖြင့် မြောက်ဦးမြို့နယ်တွင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း များကို ဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမ်းမြို့နယ်တွင် အဓိကထား လုပ်ဆောင်နေသည်ဟု သိရသည်။
“ကျွန်တော်တို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ တစ်သိန်းကျော်ဖို့ လုပ်ဆောင်နေပါတယ်။ အဓိက အမ်းမြို့နယ်မှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒလက်မြို့နယ်ခွဲထဲက ကျေးရွာ ၄၂ ရွာဆိုရင် သိပ်ခက်ခက်ခဲခဲ သွားရပြီးတော့ CSO အဖွဲ့တွေနဲ့ တခြား INGO တွေ တစ်ဖွဲ့မှ လုပ်တာမတွေ့ရပါဘူး”ဟု RI မှ စစ်တွေရုံးတာဝန်ခံ ဦးထွန်းလင်းခိုင်က ပြောသည်။
ပထမနေ့ ညှိနှိုင်းဆွေးနွေးပွဲတွင် အရေးပေါ်လိုအပ်ချက်၊ ပညာရေး၊ ကျန်းမာရေးနှင့် စားနပ်ရိက္ခာနှင့် အသက်မွေးဝမ်းကျောင်း ခေါင်းစဉ် တစ်ခုချင်းစီကို အုပ်စုခွဲ ဆွေးနွေးခဲ့ကြသည်။
ပမနေ့ဆွေးနွေးပွဲသို့ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းအပါအဝင် ရခိုင်ပြည်နယ်အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ၈၀ ခန့် တက်ရောက်ခဲ့ကြသည်။
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး မိတ်ဖက်အဖွဲ့ကို ပြည်တွင်းလူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်း ၄၅ ဖွဲ့တို့မှ တာဝန်ရှိသူ ရ၀ ကျော်တို့က ဩဂုတ်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။







