ကျောက်တော်စည်ပင်က ဆိုင်ခန်းပိုင်ရှင် ၉ ဦးကို တရားစွဲဆိုခြင်းကိစ္စ နိုင်ငံတော် သမ္မတထိ တက်တိုင်မည်ဟု ဆို

ကျောက်တော်စည်ပင်က ဆိုင်ခန်းပိုင်ရှင် ၉ ဦးကို တရားစွဲဆိုခြင်းကိစ္စ နိုင်ငံတော် သမ္မတထိ တက်တိုင်မည်ဟု ဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စည်ပင်မှ ကျောက်တော်ဈေးရှေ့ရှိ ဆိုင်ခန်းပိုင်ရှင်များကို တရားစွဲဆိုသည့် ကိစ္စအပေါ် မကျေနပ်သဖြင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင် နိုင်ငံတော် သမ္မတအထိ တက်ရောက်တိုင်ကြားမည်ဟု ကျောက်တော်မြို့နယ် အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်လှမေက ပြောဆိုသည်။

“အခု ကျောက်တော်မှာ ကမ်းထိန်းနံရံ တည်ဆောက်မယ်ဆိုပြီး စည်ပင်က လုပ်နေတာ ရှိပါတယ်။ အဲဒီလို လုပ်မယ့် နေရာမှာ အဲဒီအနားမှာရှိတဲ့ ထမင်းဆိုင်၊ မုန့်တီဆိုင် ရောင်းနေတဲ့ ဆိုင်ခန်းတွေကို ဖြိုခိုင်းပါတယ်။ ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ကို အစားထိုးနေရာချပေးဖို့ တောင်းဆိုတယ်။ ဒီလို နေရာချပေးဖို့ တောင်းဆိုတာကိုကျတော့ ဘာမှ စီစဉ် မပေးဘူး။ ဆိုင်ခန်းမဖြိုကောင်းရလားဆိုပြီး မဖြိုတဲ့သူ ၉ ဦးကို စည်ပင်က တရားစွဲဆိုထားပါတယ်။ အဲဒီအထဲမှာ လင်သားမရှိတဲ့ အမျိုးသမီး ၆ ဦး ပါဝင်ပါတယ်။ အခု ဒီကိစ္စကို ကျွန်မတို့ ကွန်ရက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုသာမက နိုင်ငံတော် သမ္မတအထိ တက်ရောက် တိုင်ကြားသွားဖို့ စီစဉ်နေပါတယ်”ဟု ဒေါ်လှမေက ဆိုသည်။

တရားစွဲခံထားရသူများအထဲမှ တစ်ဦးဖြစ်သူ မခင်ကျော့ရီက မိမိတို့အနေဖြင့် ကမ်းထိန်းနံရံ တည်ဆောက်မည်ကို သဘောတူပါကြောင်း၊ သို့သော်လည်း ထမင်းဆိုင်ကို မှီခိုပြီး ဘဝရပ်တည်နေသူ မိသားစု တစ်ခုအနေဖြင့် ထမင်းမရောင်းရလျှင် အခက်အခဲများကျရောက်နိုင်သဖြင့် ထမင်းဆိုင်ကို မဖြိုမီ ထမင်းရောင်းချမည့် နေရာတစ်ခုကို စီစဉ်ပေးရန် တောင်းဆိုခြင်းသာ ဖြစ် ပါကြောင်း၊ ယခုအခါ ၎င်းတို့ဆိုင်ခန်းကို မဖြိုသဖြင့် စည်ပင်ဦးစီးမှ ဩဂုတ်လ ၂၈ ရက်နေ့က စတင်ပြီး တရားစွဲဆိုထား သဖြင့် အခက်အခဲ ကြုံတွေ့နေရကြောင်း သူမက ဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် စည်ပင်ဦးစီး ဦးမောင်အေးသိန်းအား ဆက်သွယ် မေးမြန်းရာ သူက “ ကျွန်တော်တို့ အခုကျောက်တော် ကမ်းနားလမ်းမှာ ကျောက်တော်မြို့ သာယာ လှပရေးအတွက် မြေထိန်းနံရံ တည်ဆောက်ဖို့ ကျပ်ငွေ သိန်းပေါင်း ၂၁ဝဝ ကျော် ရခိုင်ပြည်နယ် အစိုးရက ချပေးထားပါတယ်။ အခု ဘတ်ဂျက်က သုံးဆယ်ရာနှုန်းထုတ်ပေးပြီး လုပ်ငန်းလည်း ဆောင်ရွက်နေပါပြီ။ ပေတစ်ထောင် ဧရိယာအတွင်းမှာ ဆိုင်တွေ ရှိတဲ့အတွက် လုပ်ငန်း ဆောင်ရွက်ရာမှာ မလွတ်လပ်တာကြောင့် ဆိုင်ခန်းတွေကို ဖယ်ရှားခိုင်းပါတယ်။ အဲဒီမှာ အစက ဆိုင်ခန်း ၅၀ ကျော်ရှိတဲ့နေရာမှာ အများစုက ဖယ်ရှားသွားခဲ့ပါပြီ။  ကျွန်တော်တို့ ဆိုင်တွေကို ဖယ်ရှားဖို့ စာနန့် အကြောင်းကြားသလို စည်ပင်အထောက်အကူ အပြုအဖွဲ့က လူကိုယ်တိုင် သွားပြောတာတွေလည်း ရှိတယ်။ ကျန်နေတဲ့  ၉ ယောက်က မဖယ်ရှားတဲ့အပြင် တရားဥပဒေ ကြောင်းအရ ရင်ဆိုင်မယ်ဆိုပြီးတော့ ပြောဆိုလာတဲ့အတွက်  စည်ပင်သာယာရေး ကော်မတီက တရားစွဲလိုက်ရပါတယ်”ဟု ပြောသည်။

ယခုအခါ ကျန်နေသည့် ၉ ဦးအနက် ရ ဦးက ဖယ်ရှားသွားခဲ့ပြီဖြစ်သဖြင့် အမှုမှ ဥပဒေ အရာရှိများနှင့် တိုင်ပင်ကာ  ပြန်ရုတ်သိမ်းရန် စီစဉ်နေကြောင်း၊ သူတို့အား မြေနေရာချပေးရန်မှာ စည်ပင်မှ စီစဉ်ပေး၍ မရကြောင်း၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီကသာ စီစဉ်ပေးရမည် ဖြစ်ကြောင်း၊ ကမ်းထိန်း နံရံကို ဒီဇင်ဘာလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး မြေထိန်းနံရံ တည်ဆောက်ပြီးမှ နေရာချပေး မည်ဖြစ်ကြောင်း ဦးမောင်အေးသိန်းက နိရဥ္စရာသို့ ပြောဆိုသည်။

ယခုလို ဖြစ်နေချိန်တွင် စက်တင်ဘာလ ၁၁ ရက်နေ့က မြို့နယ်ရဲမှူး၊ စည်ပင်ဦးစီးမှူး၊ မြို့မိမြို့ဖများ ရောက်လာပြီး ဆိုင်ခန်းသို့ တက်ရောက်သည့် လှေကားများကို ဖြိုချပစ်ခဲ့ကြောင်း၊ ယခုအခါ ယင်းဆိုင်ခန်းများရှိရာအား သံဆူးကြိုးများ ကာရံနေကြောင်း၊ ယင်းပြင် ထောင်ချပစ်မည်ဟုလည်း ခြိမ်းခြောက်သွားခဲ့ကြောင်း၊ ယခုလုပ်ရပ်များမှာ အာဏာဖြင့် ရိုးသားသော ပြည်သူများကို မလျော်မကန် ဩဇာသုံး နိုင်ထက်စီးနှင်း လုပ်သည်ဟု ယုံကြည်ကြောင်း ဒေါ်လှမေက ပြောဆိုသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...