ထွက်ခါစ စပါးပင်ငယ်များကို ပိုးက အရွက်နှင့် အပင်ကိုပါ ကိုက်ဖြတ်လိုက်သဖြင့် အပင်ငုတ်များသာ ကျန်ကြောင်း၊ သို့သော် ပိုးကောင်များကို မတွေ့ရကြောင်း၊ ဆေးနှစ်မျိုးရောဖျန်းမှ အဆိုပါပိုးကို သတ်နိုင်သည်ဟု သိရကြောင်း ဇင်းခါချေကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောသည်။
ပိုးကျ၍ နစ်နာသော လယ်သမားများနှင့် ပျက်စီးဆုံးရှုံးမှုများမှာ ဦးမောင်လှထွန်းတွင် စပါးစိုက်ဧက ၈ ဧကတွင် ရ ဧကပျက်စီးပြီ၊ ဒေါ်တင်အေးခိုင်တွင် စိုက်ဧက ၈ ပျက်စီး ၄ ဧက၊ ဦးမောင်ရွှေဝင်းတွင် စိုက်ဧက ၆.၁ ပျက်စီး ၂. ၄ ဧက၊ ဦးသာအောင်ဖြူတွင် စိုက်ဧက ၁၄ ပျက်စီး ၃.၂ ဧက ပျက်စီး၊ ဦးဘိုရွှေသိန်း စိုက်ဧက ၃၂ ပျက်စီး ၁၂ ဧက၊ ဦးမောင်ဖြူသီး စိုက်ပျိုး ၁၀ ဧက ပျက်စီး ၅ ဧက၊ ဦးမောင်သန်းလှိုင် စိုက်ပျိုး ၈ ဧက ပျက်စီး ၄ ဧက၊ ဒေါ်လှမြသိန်း စိုက်ပျိုး ၆.၄ ဧက ပျက်စီး ၄ ဧက၊ ဦးဂေါက်ရအောင် စိုက်ပျိုး ၁၀ ဧက ပျက်စီး ၃ ဧက၊ ဦးရွှေကျန်မင်းတွင် စိုက်ဧက ၁.၄ ပျက်စီး ၁ ဧက အသီးသီးရှိကြောင်း သိရသည်။
အဆိုပါပျက်စီးဆုံးရုံးမှုများကို နစ်နာသော လယ်သမားများလက်မှတ်ထိုးပြီး သက်ဆိုင်ရာသို့ တင်ပြကာ အကူအညီ တောင်းခံသွားမည်ဟု သိရသည်။
“ဒီကျေးရွာမှာ ရေလွှမ်းမိုးတဲ့ကာလမှာလည်း ရေလွှမ်းမိုးခံရပြီး ရေကန် ၈ ကန်လုံး ရေမြှုပ်သွားပါ တယ်။ အခု တစ်ကန်တော့ ရေစုပ်စက် နဲ့ ရေစုပ်ပြီးပါပြီ၊ နောက်မိုးမရွာမှာစိုးတဲ့အတွက် ကျန်တဲ့ ကန်တွေကိုတော့ ရေမစုပ်ရဲဘဲ ဖြစ်နေကြပါတယ်။ အခုက အနီးအနားက စက်လှေကြီးတွေနဲ့ ရေလာလှူတာလည်း ရှိတယ်။ ရေသန့်ဗူးတွေ လာပေးတာတွေလည်းရှိတယ်။ အုန်းကျွန်းက ရေတွေကို သယ်ယူနေရတာတွေရှိပါတယ်”ဟု ဇင်းခါချေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘသိန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ဇင်းခါချေကျေးရွာတွင် အိမ်ခြေ ၃၄၃ ဆောင်ရှိ ရွာကြီးတစ်ရွာဖြစ်ပြီး ရေကြီးစဉ် လုံးဝပျက်စီးသွားသည့် အိမ် ၁၃ ဆောင်ရှိကာ ဆန်နှင့်ရေ အခက်အခဲရှိနေသည်ဟု သိရသည်။
တောင်သူလယ်သမားများ ပျက်စီးလယ်မြေများတွင် စပါးပြန်လည်စိုက်ပျိုးနိုင်ရန် အစိုးရနှင့် ဒေါက်တာ စောမြအောင် ဖေါင်ဒေးရှင်းမှ မျိုးစပါးများဖြန့်ဝေ ပေးထားပြီဖြစ်ကြောင်း၊ လောက်ငှမှုမရှိသော်လည်း မိမိတို့ဖာသာ ပြန်လည်စိုက်ပျိုးထားပြီဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။







