ကျောင်းဆရာမကို ရိုက်သူ ကျောင်းသားတစ်ဦးမိခင် ဝတ္တရားနှောင့်ယှက်မှုဖြင့် တောင်ကုတ်တွင် တရားစွဲခံရ

ကျောင်းဆရာမကို ရိုက်သူ ကျောင်းသားတစ်ဦးမိခင် ဝတ္တရားနှောင့်ယှက်မှုဖြင့် တောင်ကုတ်တွင် တရားစွဲခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သိမ်တောင်ရပ်ကွက် မူလွန် အမက (၂)တွင် တာဝန်ထမ်းဆောင်နေသော မူလတန်းပြ ဆရာမတစ်ဦးကို ကျောင်းသားတစ်ဦး၏ မိခင်မှ ရိုက်နှက်ရာမှ ဝတ္တရားနှောင့်ယှက်မူဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရကြောင်း သတင်းရရှိသည်။

ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲဆိုခံရသူမှာ တောင်ကုတ် သိမ်တောင်ရပ်ကွက် မူလွန် အမက(၂) မှ  ရ တန်း ကျောင်းသားတစ်ဦး၏ မိခင် ဒေါ်သိန်းဝင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ သိမ်တောင်ရပ်ကွက် မူလွန် အမက (၂) မှ  ဆရာမ ဒေါ်မေပြံုးအောင်တွင် ဖုန်းတစ်လုံး ပျောက်ရာမှ စတင်ခဲ့သည်ဟု ဒေါ်သိန်းဝင်းနှင့် အိမ်နီးချင်း အမျိုးသမီးတစ်ဦးက နိရဥ္စရာသို့ ပြောဆိုသည်။

 “လက်ကိုင်ဖုန်း ပျောက်သွားတာကို ရ တန်းကျောင်းသားကို ဖုန်းသူခိုးဆိုပြီး ဆရာမရဲ့ အမျိုးသားဖြစ်သူ စစ်ဗိုလ်က ကျောင်းသားကို ခြိမ်းခြောက်ပြောဆိုပါတယ်။ ကျောင်းသားက ရှက်ကြောက်တာနဲ့  ကျောင်းမတက်တော့ဘဲ ရေထဲကို ခုန်ချပြီး သတ်သေဖို့ လုပ်ပါတယ်။ ဒါကို လူတွေ သိသွားတော့ ဖျောင်းဖျ တားမြစ်နိုင်ခဲ့ပါတယ်”ဟု တစ်ရပ်ကွက်တည်းနေ အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ပျောက်သွားသော ဖုန်းကို ဆရာမမှ အတန်းထဲရှိ ပထမတန်းကျောင်းသား တစ်ယောက်ထံက ပြန်ရ ခဲ့ကြောင်း၊ ကျောင်းသား၏ အမေဖြစ်သူက သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီတွင် ကျောင်းသို့ သွားပြီး အကျိုးအကြောင်းကို ရှင်းပြရန် ဆရာကြီးအား ကျောင်းထဲတွင် စောင့်နေစဉ် ဖုန်းပျောက်သွားသော ဆရာမ ရောက်လာကြောင်း၊ ၎င်းဆရာမမှ ရှင်တို့ သွားတိုင်ချင်တဲ့ နေရာ သွားတိုင်ဟု ပြောကြောင်း၊ ကျောင်းသား မိခင် ဒေါ်သိန်းဝင်းမှ သည်းမခံနိုင်သဖြင့် တစ်ချက်ရိုက်ကြောင်း၊ နောက်ပိုင်းတွင် ဒေါ်သိန်းဝင်းကို ရဲက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းအိမ်နီးချင်း အမျိုးသမီးက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သြဂုတ် ၂၇ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က တောင်ကုတ် ရဲစခန်းသို့ နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးထားသည်မှာ မဟုတ်မှန်ကြောင်း၊ ခံဝန်ဖြင့် ပြန်လွတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ သို့သော် ဝတ္တရားနှောင့်ယှက်မှု၊ ကိုယ်ထိလက်ရောက် စော်ကားမှု၊ ခြိမ်းခြောက်မူတို့ဖြင့် တရားစွဲဆိုထားကြောင်း၊ တရားစွဲဆိုသော ပုဒ်မများမှာ ၃၅၃/ ၃၂၃/ ၅၀၆ ဖြစ်ကြောင်း၊ ရဲက ဆက်လက် စစ်ဆေးနေကြောင်း၊ တရားရုံးကို ရှေ့အပတ်ထဲတွင် တင်မည်ဖြစ်ကြောင်း ရှင်းပြပြောဆိုသည်။

ယခု အမှုနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိကြောင်း၊ သို့သော် မျှမျှတတ ဖြစ်စေလိုကြောင်း အိမ်နီးချင်း အမျိုးသမီးက ပြောဆိုသည်။

“မဟုတ်မမှန်လုပ်တဲ့အတွက် ကျွန်မက ဗဟိုကို တက်ပြီးတော့တောင် တိုင်ကြားချင်ပါတယ်။ ကျွန်မမြင်တာက အဲ့ဒီ ဆရာမ လွန်တယ်လို့ မြင်ပါတယ်။ စစ်ဗိုလ်ကလည်း လွန်တယ်လို့ပဲ မြင်တယ်။ စစ်တပ်ဆိုတာ စစ်ရေး စစ်ရာနဲ့ပဲ ဆိုင်တယ်။ ပညာရေးနဲ့ လူမှုရေးတွေမှာ ဒီလိုလာပတ်သက်တာတော့ မကောင်းဘူးလို့ မြင်တယ်”ဟု ၎င်းအမျိုးသမီးက ပြောသည်။

တောင်ကုတ်တွင် ယခု ဖြစ််ရပ်မျိုး ယခင်က ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆရာမ ဒေါ်မေပြံုးအောင်အား ဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းနံပတ် မသိရှိသဖြင့် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပါ။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...