ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ်တို့ ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ်တို့ ဖြစ်ပွားသော တိုက်ပွဲအတွင်း အသေအပျောက်နှင့် ဒဏ်ရာရရှိမှုများရှိ
by -
နိရဥ္စရာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်၊ တန်းဆိပ်မြို့နယ်တွင် တည်ရှိသော မော်တုတ်ကြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် အချို့မှ သြဂုတ်လ ၂၆ ရက်နေ့ နံနက်က ဝင်ရောက်ပစ်ခတ်သွားခဲ့သည်ဟု သတင်းရရှိသည်။

“ကျွန်တော်တို့ သတင်းရတာက ရက္ခိုင့်တပ်မတော်က ရိက္ခာသယ်ယူနေတဲ့ မြင်း ၁၆ ကောင်ကို ဘင်္ဂလား နယ်ခြားစောင့်တပ် ဘီဂျီဘီက ဖမ်းသွားတယ်လို့ ကြားတယ်။ ဒါကို မကျေနပ်တဲ့အတွက် ဒီနေ့မနက်က မော်တုတ်ကြီး ဘီဂျီဘီ စခန်းကို ရက္ခိုင့်တပ်မတော်က ဝင်ပစ်တယ်လို့ ကြားရပါတယ်” ဟု ရုံမော်ကျေးရွာက ဦးမောင်ထွန်းသိန်းက နိရဥ္စရာသို့ ပြောကြားသည်။

တိုက်ပွဲအတွင်း ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ တစ်ဦး ဒဏ်ရာရရှိကြောင်း၊ ဒဏ်ရာရသူမှာ တပ်သားအဆင့်ရှိ ‘Zakir’ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက မီဒီယာများသို့ အတည်ပြုပြောကြားသည်။

ဒေသခံများကမူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်သား နှစ်ဦး ကျဆုံးသည်ဟု သတင်းရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ ကြားရတာက ဒီဘင်္ဂလားဘက်က နှစ်ယောက်ကျတယ်လို့ ကြားရပါတယ်။ ဒီနေ့ တစ်နေ့လုံး ဘင်္ဂလားစစ်တပ်က ရဟတ်ယာဉ်တွေ ခေါက်တုန့်ခေါက်ပြန် ပျံနေတာကို တွေ့ရပါတယ်။ စစ်သားတွေကို ပို့နေတယ်လို့ သိရပါတယ်”ဟု ရုံမော်ကျေးရွာသား ဦးမောင်ထွန်းသိန်းက ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားသည်ကို နိရဥ္စရာ အနေဖြင့် အတည်ပြုနိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်သား နှစ်ဦးသေဆုံးမှုကို  ယခု အချိန်ထိ အတည်ပြုနိုင်ခြင်းမရှိပါ။

၎င်းအပြင် မော်တုတ်ကြီး၊ မော်တုတ်ချေ၊ ပတ်ဝန်းကျင်မှ ရက္ခိုင့်တပ်မတော်နှင့် အဆက်အသွယ်ရှိသူ ဒေသခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ကျေးရွာသားများကို ဘင်္ဂလားစစ်တပ်က ဖမ်းဆီးထားသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်ဟု အမည်မဖော်လိုသူ ဘင်ဒရိုဘင် ဒေသခံတစ်ဦးက ပြောသည်။

ယခု တိုက်ပွဲဖြစ်ပွားရာ မော်တုတ်ကြီးကို ဘင်္ဂလားအစိုးရက ဘော်ရို မော်တုတ်ဟု ခေါ်ပြီး ရခိုင်/ မာရမာများ နေထိုင်သော ကျေးရွာတစ်ရွာ ဖြစ်သည်။ ယင်းရွာသည် ရီကြိုင်ချောင်း (ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည်ရှိပြီး ကျောက်တော်မြို့နယ် အနောက်ပိုင်းနှင့် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းဒေသများနှင့် ဆက်စပ်တည်ရှိသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...