လေမုန်တိုင်းကြောင့် ပျက်စီးသွားသော စေတီပြင်အထက်တန်းကျောင်း မပြုပြင်နိုင်သေး၍ ကျောင်းသားများ ပုံမှန် ကျောင်းမတက်ရဘဲ ဖြစ်နေ

လေမုန်တိုင်းကြောင့် ပျက်စီးသွားသော စေတီပြင်အထက်တန်းကျောင်း မပြုပြင်နိုင်သေး၍ ကျောင်းသားများ ပုံမှန် ကျောင်းမတက်ရဘဲ ဖြစ်နေ
by -
နိရဥ္စရာ
ဇူလိုင်လ ၃၀ ရက်နေ့က တိုက်ခတ်ခဲ့သော ကိုမန်မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာ အထက်တန်းကျောင်းရှိ ကျောင်းဆောင်အများအပြား ပျက်စီးသွားခဲပြီး၊ ယခုအချိန်ထိ ပျက်စီးသွားသော ကျောင်းဆောင်များ ကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် ကျောင်းသားများမှာ ပုံမှန်ကျောင်းမတက်ရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

“ကျောင်းဆောင် ၅ ဆောင် ပျက်စီးသွားပါတယ်။ ရွာသားတွေ တတ်နိုင်တဲ့ ကျောင်းဆောင် နှစ်ခုကိုတော့ ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ထားပါတယ်။  နောက်ထပ် ကျောင်းဆောင် သုံးခုက အကြီးစား ပြန်လည်ပြုပြင်ရမှာ ဖြစ်တဲ့အတွက် ရွာသားများ မနိုင်တာကြောင့် အခုအချိန်ထိ မပြုပြင်နိုင်ဘဲ ရှိနေပါသေးတယ်။ ဒီအတွက် ကျောင်းသားတွေ ပုံမှန် ကျောင်းမတက်ရဘဲ ဖြစ်နေပါတယ်” ဟု စေတီပြင်ကျေးရွာမှ ဦးမောင်စောဝင်းက ပြောသည်။

အကြီးစား ပြိုပျက်သွားသော ကျောင်းဆောင်သုံးဆောင်ကို ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးသဖြင့် အထက်တန်းကျောင်းရှိ ကျောင်းသား တစ်ထောင်ကျော်ကို နှစ်သုတ်ခွဲကာ မနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ် သင်ကြားပို့ချနေရကြောင်း၊ သို့သော်လည်း မိုးရွာလျှင် ကျောင်းမတက်ရဘဲ ဖြစ်နေကြောင်း သူက ပြောဆိုသည်။

ကျောင်းဆောင်များပြိုပျက်ပြီး ကလေးငယ်များ၏ ပညာရေးထိခိုက်နေသဖြင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံး စစ်ဆေးပြုပြင်ရန် လိုအပ်နေကြောင်း ရွာသားများက ပြောဆိုသည်။

အလားတူ စေတီပြင် ကျေးရွာအုပ်စုရှိ သာယာကုန်း မူလတန်းကျောင်းနှင့် စေတီပြင် အနောက်တောင် မူလတန်းကျောင်းဆောင်များမှာ လည်း လေမုန်တိုင်းကြောင့် ပြားပြားဝပ်သွားပြီး ယခုအချိန်ထိ ကျောင်းများကို ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေး၍ ကျောင်းသားများအနေဖြင့် ဘုန်းကြီးကျောင်းအောက်တွင် စာသင်ကြားနေကြရကြောင်း သိရသည်။

စေတီပြင်ကျေးရွာအပါအဝင် မယူကမ်းရှိ ကျေးရွာ အများအပြားသည် ကိုမန် မုန်တိုင်းဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး စေတီပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ အဆောက်အအုံ ၆၀ ရာခိုင်နှုန်းမှာလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...