ယင်းရုံးဖွင့်ပွဲကို အမ်းမြို့နယ် ရွာဟောင်းအုပ်စုတွင် ပြုလုပ်ခဲ့ပြီး ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
“USDP , NLD ပါတီတွေအနေနဲ့ တိုင်းရင်းသား ပြည်နယ်တွေမှာ လွှမ်းမိုးမှု တွေရှိလာအောင် မကြိုး စားသင့်ဘူး။ မိမိတို့ပြည်နယ်အလိုက် သက်ဆိုင်ရာလူမျိုးရဲ့ပါတီတွေက အစိုးရတစ်ရပ်ဖေါ်ဆောင်နိုင် အောင် အားပေးသင့်တယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေရှိလာအောင် အားလုံး ဝိုင်းဝန်းကြိုး စားသင့်တယ်”ဟု ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ရုံးဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။
ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်ကို မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းဆိုပြီး နယ်မြေ သတ်မှတ်ကာ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နေကြောင်း၊ ANP အနေဖြင့် ရခိုင် ပြည်နယ် ၁၇ မြို့နယ်စလုံးတွင် မဲနိုင်ပြီး အစိုးရဖွဲ့နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း၊ ယနေ့ကာလတွင် ရခိုင် တစ်မျိုးသားလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ပြီး လာမည့် ၂၀၁၅ မှာ အခင်းအကျင်းမှာ မဟာဗျူဟာအရ အရေးပါသည့် ရခိုင်ပြည်နယ်တည်ရှိမှုကို အပြည့်အဝ အသုံးချနိုင်ရန် ရခိုင်ပြည်နယ် အစိုးရကို ရခိုင်အမျိုးသားပါတီက ဖွဲ့နိုင်ရမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားသည်။
“ရခိုင်ပြည်နယ်ရဲ့ အမ်းကို ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရဲ့ အမာခံနယ်မြေအဖြစ် ပုံသွင်းနိုင်ဖို့ မျှော်လည်း မျှော်လင့်ပါတယ်။ ယုံလည်း ယုံကြည်ပါတယ်။ အဲဒီလိုမျိုး ဘဝကိုလည်းပြောင်းဖို့ ရည်မှန်းထားပါတယ်”ဟု သူက ဆက်လက်ပြောကြားသည်။
၎င်းပြင် ဒေါက်တာအေးမောင်က “ရခိုင်ပြည်နယ်ဟာ ဒီနေ့အချိန်အခါမှာဆိုရင် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်လာနေပြီးတော့ တရုတ်၊ အမေရိက၊ အိန္ဒိယတို့က မျက်စိကျနေတဲ့ နေရာတစ်ခု ဖြစ်နေပါပြီ။ အခြေခံအဆောက်အအုံတွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးရှိလာနိုင်ဖို့ အတွက် ပြည်ထောင်စု အစိုးရနဲ့ ညှိပြီးတော့ ဆောင်ရွက်သွားဖို့ မျှော်မှန်းထားပါတယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသား ပါတီ မဲနိုင်နိုင်အောင် ကျွန်တော်က ဒီဘက်ကိုဆင်းပြီးတော့ အဓိက သူတို့ရဲ့ခံစစ်ကြောင်းကို ထိုးဖေါက်နေခြင်း ဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။
အမ်းမြို့နယ်မှ ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဇော်မင်းကလည်း “အမ်းမြို့နယ်မှာ နိုင်နိုင်ခြေကို ပြောရရင် တချို့ ရခိုင်လူမျိုတွေက ကျွန်တော်တို့ကို ဗမာဆိုပြီး ပြောနေကြတယ်။ ကျွန်တော်တို့မှာ ရခိုင်သွေး အပြည့်ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ ရခိုင်အမျိုးသားပါတီကိုပဲ မဲထည့်လိမ်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်ခင်ဗျား”ဟု ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဒေါ်ခင်လှရီသည် အမ်းမြို့နယ် မဲဆန္ဒ (၁) နယ်မြေတွင် လက်ရှိ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင်နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
ဒေါ်ခင်လှရီအပေါ် အမ်းမြို့နယ် ပြည်သူလူထု၏ ထောက်ခံမှုအပေါ် အားရကျေနပ်သည်ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ရုံးဖွင့်ပွဲအခမ်းအနားသို့ USDP, NLD အပါအဝင် ANP ဗဟို ခေါင်းဆောင်များ၊ အမ်းအခြေစိုက် အခြားပါတီများမှ ခေါင်းဆောင်များ၊ အမ်းမြို့နယ်မှ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ စုံစုံညီညီ တက်ရောက်ကြပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် စတင်ကာ မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။







