ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်ကယ်ဆယ်ရေး စုပေါင်းကော်မတီ (ရန်ကုန်) မှ ရခိုင်ရေဘေးအတွက် ဆန်၊ ရေစုပ်စက်နှင့် မိုးကာများ ပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည်ကယ်ဆယ်ရေး စုပေါင်းကော်မတီ (ရန်ကုန်) မှ ရခိုင်ရေဘေးအတွက် ဆန်၊ ရေစုပ်စက်နှင့် မိုးကာများ ပေးအပ်လှူဒါန်း
by -
နိရဥ္စရာ
ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး၍ ဖွဲ့စည်းထားသော ရခိုင်ပြည်နယ် ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး စုပေါင်း ကော်မတီ (ရန်ကုန်) မှ ရခိုင်ရေဘေးသင့် ဒုက္ခသည်များအတွက် ဆန်၊ ရေစုပ်စက်နှင့် မိုးကာများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ဩဂုတ် ၂၂ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ဆန်အိပ် ၄၀၀၀ ၊ ရေစုပ်စက် ဘီလူးကောင်း ပိုက်အစုံ ၄၀ နှင့် မိုးကာစ ၄၀၀ တို့ကို စစ်တွေအခြေစိုက် အဖွဲ့စည်းမှတဆင့် ရခိုင်ရေဘေးဒုက္ခသည်များအတွက် လှူဒါန်းပေး အပ်ခဲ့ပြီး၊ ရေဘေး လေဘေးအတွင် သေဆုံးသူ တစ်ဦးစီအတွက် ၁ သိန်းခွဲ နှုန်းဖြင့် ၆၀ ဦးအတွက် ကျပ်သိန်းပေါင်း ၉၀ ကို လှူဒါန်းပေးအပ်ခဲခြင်း ဖြစ်သည်။

ထိုကဲ့သို့ ပေအပ်ရာတွင် ရခိုင်အရေးပေါ်ထောက်ပံ့ရေးကော်မတီသို့ ဆန်အိတ် ၂၃၀၀၊ ရေစုပ်စက် ၄၀၊ မိုးကာစ ၄၀၀၊ ရခိုင်ပြည်နယ် စည်းထိန်း ရဟန်းတော်များအဖွဲ့သို့ ဆန်အိတ် ရ၀၀၊ ရှင် တစ်ထောင် သာသနာပြုအဖွဲ့သို့ ဆန်အိတ် ၂၀၀၊ ပရဟိတ သွေးလှူရှင်များအသင်းသို့ ဆန်အိတ် ၁၀၀ နှင့် အခြားအဖွဲ့တစ်ခုသို့ ဆန်အိတ် ရ၀၀ စီ ခွဲပြီးပေးအပ်ခဲ့သည်။

“လောကရှိ သက်ရှိလူသားတွေဟာ သဘာဝရင်ခွင်မှာ မှီတင်းနေထိုင်ကြတယ်။ သဘာဝပတ်ဝန်းကျင် နဲ့ သယံဇာတတွေ ပြုန်းတီးမှုတွေကြောင့် သဘာဝကဖေါက်ပြန်ပြီးတော့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရပြီး ဒုက္ခရောက်ကြရတယ်။ နစ်နာဆုံးရှုံးမှုတွေကို ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံဒေသ အများအပြားကလူတွေ လက်ရှိမှာ ခံနေကြရတယ်။ ဒီလို နစ်နာဆုံးရှုံးမှုတွေကို လူသားချင်းစာနာပြီး မေတ္တာ၊ ကရုဏာ ထားပြီးတော့ လာရောက်လှူဒါန်းကြတဲ့အတွက် ဝမ်းသာအားရဖြစ်မိပါတယ်။ ဒီလိုမျိုး ဒုက္ခရောက်သူတွေကို ကူညီကြသူတွေဟာ ဘုရားလမ်းစဉ်ကို လိုက်နာကြသူတွေဖြစ်တယ်”ဟု ရခိုင်ပြည်နယ် စည်းထိန်းရဟန်းတော်များအဖွဲ့ နာယက အောင်မြေကုန်းဆရာတော်က အခမ်းအနားတွင် ဩဝါဒစကား မိန့်ကြားခဲ့သည်။

စည်းထိန်းရဟန်းတော်များ အဖွဲ့ကလည်း အလှူရှင်များမှ လက်ခံရရှိခဲ့သော ဆန်အိတ် ၅၀၀ ကျော်ကို ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ကျေးရွာသားများသို့ ကိုယ်တိုင်သွားရောက် ကူညီခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

“ရေဘေးသင့် ဒုက္ခသည်တွေဟာ ယခုကာလမှာ မပြည့်စုံသေး၊ သူတို့အတွက် မုန်တိုင်းမစဲသေးပါဘူး။ သူတို့ဘဝတွေကို ပြန်လည်ထူထောင်ပေးရမယ်။ ဒါတွေကို တာဝန်ရှိသူတွေက တာဝန်သိပြီး အကူအညီ ပေးကြရမယ်။ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပြည်သူတွေက ဝိုင်းဝန်းပြီး ကူညီကြအုံးရမယ်”ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ရခိုင်နာမည်ကြီး ရဟန်းတော်များ၊ တိပိဋက ဆရာတော်များ၊ မြန်မာနိုင်ငံမှ နာမည်ကြီးဆရာတော်များ၊ နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အနုပညာရှင်များနှင့် သံတမန်များကိုယ်တိုင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းပြီး ဝတ္ထုပစ္စည်းများနှင့် စိတ်ဓါတ်ရေးရာ အားပေးကူညီမှုများ လုပ်ခဲ့၍ ရခိုင်ပြည်နယ်သည် မေတ္တာလွှမ်းခြုံသော ပြည်နယ်တစ်ခု ဖြစ်လာနေပြီဟု ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်ကိုယ်တိုင်လည်း ရဟတ်ယာဉ်တွေနဲ့ ရခိုင်ရေဘေးသင့် ဒုက္ခသည်တွေကို သွားရောက်ပြီး ရိက္ခာတွေ ပေးပို့၊ ချပေးခဲ့ပါတယ်။ တရုတ်သံအမတ်ကြီးကလည်း ရခိုင်ရေဘေးဒုက္ခသည်တွေအတွက် ပထမအကြိမ် ဒေါ်လာ ၁ သိန်း၊ ဒုတိယ အကြိမ် ဒေါ်လာ ၂ သိန်း လှူဒါန်းပြီးတော့ နောက်ဆုံးပေါ် ရဟတ်ယာဉ်တစ်စီးကို ဒုက္ခသည်တွေကို ကယ်ဆယ်ရေးလုပ်ရာမှ အသုံးပြုဖို့ ၂ ပတ်ခွင့်ပြုခဲ့ပါတယ်။ ဒီ ရဟတ်ယာဉ်ကို အသုံးပြုပြီး ရဟန်းတော်တွေကို ရေဘေးဒုက္ခသည်တွေရှိတဲ့နေရာကို ပို့ပေးခဲ့ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ပြီး ရေဘေးကယ်ဆယ်ရေး ပစ္စည်းများကို လွဲပြောင်းပေးသူ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း အခမ်းအနားတွင် ယခုလို  ပြောကြားသည်။

“ယနေ့ရခိုင်ပြည်နယ်ရဲ့ ပျက်စီးဆုံးရှုံးမှုဟာ သုညအဆင့်ကို ရောက်နေပါပြီ။ ဒီလိုပျက်စီးဆုံးရှုံးမှု တွေဟာ ရခိုင်တွေကို ကြိုးစားကြဖို့ တွန်းအားပေးနေတာဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ အောက်ဆုံး အဆင့်ကို ရောက်ပြီးရင် ပြန်ပြီးတိုးတက်လာတတ်ပါတယ်။ ဂျပန်ဟာလည်း သုညအဆင့်ကို ရောက်ပြီးမှ ပြန်လည် ထူထောင်လာခဲ့တာဖြစ်ပါတယ်။ ရခိုင်တွေဟာ အယင်ကလိုနေလို့ မရကြတော့ဘူး။ အားလုံး လက်တွဲပြီးတော့ ရခိုင်ပြည်နယ်တိုးတက်ရေးအတွက် ကြိုးစားကြရတော့မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ရခိုင်တို့သည် အကြောင်းအမျိုးမျိုးကြောင့် အခြားနေရာဒေသသို့ ထွက်ခွာသွားကြသော်လည်း အရေး ကြုံလာလျှင် ဝိုင်းဝန်းပြီးကူညီကြသည့် လူမျိုးဖြစ်ကြောင်း၊ ဒုက္ခဘေးနှင့် ရင်ဆိုင်ကြရသော်လည်း စိတ်အားမငယ်ဘဲ ပြန်လည်တည်ဆောက်ကြရမည်ဟု သူက ပြောသည်။

မြို့မိမြို့ဖမှ ဦးသာပွင့်ကလဲ  “အခုရေဘေးဟာ ရခိုင်ပြည်နယ်အတွက် ကျွန်တော့်ဘဝ သက်တမ်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်ကလည်း မုန်တိုင်းဒဏ်ကို ရင်ဆိုင်ခဲ့ကြရပြီးတော့ လူပေါင်းထောင်ချီသေဆုံးခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဒုက္ခရောက်သူတွေ အသက်ရှင်ရပ်တည် ရေးနဲ့ စိတ်ဓါတ်ခွန်အားဟာ အရေးကြီးပါတယ်။ အခုပျက်စီးသွားတာက ရွာပေါင်း ၅၀၀-၆၀၀ လောက် ရှိပါတယ်။ နဂိုအခြေအနေကို ပြန်ရောက်ဖို့ဆိုရင် နောက်ထပ် ၅ နှစ်လောက် တည်ဆောက်ကြရပါ မယ်။ ကာယကံရှင်တွေကိုယ်တိုင် စိတ်ဓါတ်မကျဘဲ တည်ဆောက်ကြမှ မူလအခြေအနေကို ပြန်ရောက်မှာပါ”ဟု ပြောသည်။

အဆိုပါအခမ်းအနားသို့ ရဟန်းတော်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးတချို့၊ ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ရေဘေးဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ (ရန်ကုန်)မှ တာဝန်ရှိသူများ၊ စစ်တွေအခြေစိုက် လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် စိတ်ပါဝင်စားသူ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၄ နာရီတွင် စတင်ပြီး ၆ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...