ဖေါင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ဒေသဖွံ့ဖြိုးရေးအပိုင်း၌ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေး အပိုင်းတို့တွင် မျိုးဆက်သစ်များအနေဖြင့် ၎င်းတို့ ဝါသနာနှင့်သက်ဆိုင်ရာ ဘာသာရပ် အလိုက် ထူးချွန်သူများကို မြေတောင်မြှောက်ပေးပြီး နိုင်ငံတကာ၌ ပညာသင်ဆုများ ရရှိအောင် ချိတ်ဆက်ပြီး ကိုယ့်ပြည် ကိုယ့်ရွာကို အကျိုးပြုနိုင်သည့် မျိုးဆက်သစ်များပေါ်ထွက်လာရေးအတွက် ဖြစ်သည် ဟု သိရသည်။
“မဟာကရုဏာတော်ဖေါင်ဒေးရှင်းက အခုမှစလုပ်တာပါ။ အစပိုင်းမှာတော့ အဖွဲ့နာမည်မပေးဘဲ လုပ်ခဲ့ပါတယ်။ Register တင်ဖို့လုပ်နေတုန်းပါ။ ဖွဲ့စည်းနိုင်ဖို့အတွက် ဩဂုတ်လ ၂ ရက်နေ့မှာ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်”ဟု အဖွဲ့မှ အမှုဆောင်တစ်ဦးဖြစ်သူ ကိုဝင်းကိုခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါအဖွဲ့တွင် ရခိုင်အနုပညာလောကမှ ကိုဝင်းကိုခိုင်၊ ကိုနေတိုး၊ ကိုကိုနိုင်နှင့် မြသဇင်ညွန့်နှင့် သူမ၏ လုပ်ဖေါ်ကိုင်ဖက်များပါဝင်ကာ အမှုဆောင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။
“ကျွန်တော်တို့အဖွဲ့က ရေတိုလုပ်မယ့်အဖွဲ့မဟုတ်ပါဘူး။ နဂိုကတည်းက ဖေါင်ဒေးရှင်းတစ်ခု လုပ်မယ် ဆိုပြီးတော့ ရည်ရွယ်ချက်ရှိပါတယ်။ မြသဇင်ညွန့်မှာလည်း အဲ့ဒီလိုပဲ ပရဟိတအတွက် ဖေါင်ဒေးရှင်း လုပ်ဖို့ ရည်ရွယ်ချက် ရှိတာပါ။ အရင်တုန်းကတော့ ကိုယ်စီကိုယ်စီ တပိုင်တနိုင် လုပ်ခဲ့ကြပါတယ်။ အခုနှစ်ယောက် ပေါင်းစည်းလိုက်ပြီးတော့ မဟာကရုနာတော်ဖေါင်ဒေးရှင်းကို ဖွဲ့ဖြစ်တာပါ။ အဖွဲ့ နာမည်ကတော့ ကျွန်တော့် သီချင်း နာမည်ကို ပေးလိုက်တာပါ”ဟု ကိုဝင်းကိုခိုင်က ပြောသည်။
အဆိုပါဖေါင်ဒေးရှင်းကို အနုပညာကဏ္ဍ၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသလုံခြုံရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြရန် ဖွဲ့စည်းထားကြခြင်းဖြစ်သည်ဟု သိရသည်။
“အလုပ်လုပ်တဲ့အပိုင်းမှာ အခက်အခဲတွေလည်းကြုံကြရမယ်။ နောက်တစ်ခုက မျှော်လင့်မထားတဲ့ ပြဿနာတွေလည်း ရှိနိုင်တယ်။ အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခု သည်းခံခွင့်လွှတ်ပြီးတော့ လုပ်ဆောင်ကြရမယ်။ အဖွဲ့အစည်းတွေ ညီညွတ်ဖို့လိုတယ်။ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တစ်စည်းတည်းနဲ့ လုပ်လို့မရပါဘူး။ အဖွဲ့အစည်းတွေ စုပေါင်းပြီးတော့ လုပ်နိုင်ဖို့အတွက် ကိုယ်စိတ်တူရာ စိတ်တူရာလူတွေနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်”ဟု ကိုဝင်းကိုခိုင်က ပြောသည်။
အခြားအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နိုင်အောင်လည်း ကြိုးစားလုပ်ဆောင်သွားမည်ဟု သိရသည်။
နောက်ပိုင်းတွင် ရခိုင်ပြည်နယ်တစ်ခုတည်းအတွက်သာမကဘဲ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်နိုင်အောင် ကြိုးစားသွားမည်ဖြစ်သော်လည်း ရခိုင်ဒေသအတွက် ဦးတည်ပြီးဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ရခိုင်ဒေသသည် အဆင်းရဲဆုံးပြည်နယ်တစ်ခု ဖြစ်နေသည့်အတွက်ဖြစ်ကြောင်း ကိုဝင်းကိုခိုင်က ပြောသည်။
“ကိုယ်ကိုယ်တိုင်က ရခိုင်လူမျိုးဖြစ်တဲ့အတွက် ရခိုင်ဒေသကို ဦးစားပေးထားပါတယ်။ ဒီအထဲမှာ ပါတဲ့လူတွေက အကုန်လုံးရခိုင်လူမျိုးတွေဖြစ်ပါတယ်။ အလုပ်အမှုဆောင် ၁၁ ယောက်လုံးဟာလည်း ရခိုင်လူမျိုးတွေချည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာတစ်ပြည်လုံးအတွက် လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် လုပ်မယ်ဆိုတဲ့ ဆန္ဒမျိုးနဲ့ပေါ့”ဟု သူက ပြောသည်။
ယခုလတ်တလောကာလတွင် မဟာကရုဏာတော် ဖေါင်ဒေးရှင်းမှ သူတို့စုဆောင်းရရှိထားသော ငွေကြေးဖြင့် ရခိုင်ရေဘေးဒုက္ခသည်များအတွက် ကျပ်ငွေ သိန်း ၁၀၀ ခန့် လှူဒါန်း ထားပြီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါအလှူငွေများကို ရခိုင်ပြည်နယ်ရေဘေးဒုက္ခသင့် ဒေသများမှ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်နှင့် ပန်းမော်ကျေးရွာနှင့် မြောက်ဦးမြို့နယ်ရှိ တွင်းစားကျေးရွာ၊ ကင်းချောင်းကျေးရွာနှင့် အခြားကျေးရွာတချို့တို့သို့ ကိုဝင်းကိုခိုင်နှင့် မြသဇင်ညွန့် အပါအဝင် အဖွဲ့သားများကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
“အခုက နိုင်သလောက်နဲ့ စလုပ်တာဖြစ်ပါတယ်။ နောက်ထပ်လည်း လုပ်စရာတွေ အများကြီး ရှိပါသေး တယ်။ အခုက အရေးပေါ်အနေနဲ့ သွားရောက်ကူညီခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့နဲ့ ဆက်သွယ်ပြီး လှူဒါန်းထားသူတွေ အတွက် အဆင်ပြေအောင်ဆိုပြီးတော့ သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်”ဟု ကိုဝင်းကိုခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
နောက်ပိုင်းတွင်လည်း အလှူရှင်များရှာဖွေပြီး၊ ရန်ပုံငွေများစုဆောင်းကာ ရခိုင်ရေဘေးဒုက္ခသည်များ အတွက် တတ်နိုင်သလောက် ပါဝင်လှူဒါန်းသွားမည်ဟု သိရသည်။
“သူတို့ဘေးအန္တရာယ်ကင်းရှင်းဖို့ ဆုတောင်းပေးနေပါတယ်။ အလှူရှင်တွေရှာဖွေပြီးတော့ သူတို့ အဆင်ပြေစေဖို့အတွက် ကြိုးစားနေပါတယ်။ နောက်ပိုင်းမှာဆိုရင် သူတို့အတွက် ထိရောက်တဲ့
လုပ်ဆောင်ချက်တွေဖြစ်လာအောင် ကျွန်တော်တို့ လုပ်သွားမည့်အစီအစဉ်တွေ ရှိပါတယ်လို့ ရခိုင်ရေဘေးသင့် ကျေးရွာသားတွေကို ပြောကြားချင်ပါတယ်”ဟု ကိုဝင်းကိုခိုင်က ပြောသည်။
ယခုလက်ရှိတွင် မဟာကရုဏာတော် ဖေါင်ဒေးရှင်းက ဂျာမဏီနိုင်ငံမှ မျက်စိကုသရေးအဖွဲ့တစ်ခုနှင့် ဆက်သွယ်ထားသည်ဟု သိရှိရသည်။







