စစ်တွေမြို့လယ် ဘီလူးမ တံတားအနီးမှ စစ်တွေတက္ကသိုလ်သို့ ပြေးဆွဲနေသော ကားခစျေးနှုန်းကို အသွား ၂၀၀ ကျပ်၊ အပြန် ၂၀၀ ကျပ်ဖြင့် ပြေးဆွဲရန် လွန်ခဲ့သော ၁၀ ရက်ခန့်က ခရိုင်အုပ်ချုပ်ရေးမှူး ရုံးတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် တက္ကသိုလ် ကျောင်းသား များနှင့် ကားသမားများက သဘောတူခဲ့ကြသည်ဟု သိရသည်။
သို့ရာတွင် တစ်ပတ်ကျော်အကြာတွင် ကားသမားများက ထပ်မံပြီး အသွားတစ်ကြောင်း ၃၀၀ ကျပ်၊ အပြန် တစ်ကြောင်းကို ၃၀၀ ကျပ်ကောက်ခံသည်ကို မကျေနပ်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ရူပဗေဒ ဘာသာရပ် သင်ကြားနေသူ ဒုတိယနှစ်ကျောင်းသား ဦးအေးလှက ပြောသည်။
“ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက အသွား ၃၀၀ ကျပ်၊ အပြန် ၃၀၀ ကျပ်ကောက်ပါတယ်။ ကျောင်းသားတွေ အများစုမှာ မိသားစု အဆင်ပြေကြတာမဟုတ်ဘူး။ ကျွန်တော်က အိမ်က တစ်ရက်ကို ၁၀၀၀ ရပါတယ်။ ကားခ တစ်နေ့ကို ၄၀၀ ကျပ်ပေးပြီးတော့ ကျန် ၆၀၀ ကျပ်ကို အဆာပြေတစ်ခုခုဝယ်စားပါတယ်။ တစ်နေ့ ၆၀၀ ကျပ်ပေးရမယ်ဆိုတော့ ကျန်တဲ့ ၄၀၀ ကျပ်နဲ့ စားလို့ အဆင်မပြေတော့ပါဘူး”ဟု သူက ဆိုသည်။
ထိုသို့ ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်က ပိတ်ဆို့ဆန္ဒပြကြသဖြင့် ကျောင်းသားများကို ခရိုင် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူး တို့မှ ခေါ်ယူတွေ့ဆုံပြီး ဖြေရှင်းခဲ့ကြသည်ဟု သိရသည်။ ယင်းဆွေးနွေးပွဲသို့ ကျောင်းသား ၃ ဦးနှင့် ကျောင်းသူနှစ်ဦး အပါအဝင် မထသ အဖွဲ့ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“ကားခကို ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ၂၀၀ ကျပ်ပဲကောက်မယ်လို့ သဘောတူပြီးပါပြီး၊ ကားသမားတွေနဲ့ အစိုးရအာဏာပိုင်တွေ ညှိဖို့အပိုင်းပဲကျန်တော့တယ်။ ကားခကို ၂၀၀ စျေးနှုန်းနဲ့ သွားနိုင်အောင် အစိုးရအဖွဲ့က ကားသမားတွေကို ဓါတ်ဆီ ၂ ဂါလံကို ၂၅၀၀ ကျပ်စျေးနဲ့ ထုတ်ပေးပါတယ်”ဟု သမိုင်းဌာနမှ ကထိက ဦးအေးထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အစိုးရအဖွဲ့က ကားခကို ၂၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးရန် ကတိပေးသဖြင့် သမိုင်းဌာနမှ ကထိက ဦးအေးသိန်းက ဆန္ဒပြကျောင်း သူကျောင်းသားများကို ဆန္ဒပြနေရာမှ အိမ်ပြန်ကြရန် မေတ္တာရပ်ခံ သဖြင့် ကျောင်းသားများ လူစုခွဲလိုက်ကြသည်ဟု သိရသည်။
ဆန္ဒပြပွဲတွင် ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် အစိုးရရုံး သို့ ချီတက်လာခဲ့ပြီး နေ့လယ် ၂ နာရီ ၄၀ ခန့်ထိ အစိုးရရုံးဝကို ပိတ်ဆို့ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။







