ရိုးမအလင်း တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်း ဖွင့်လှစ်

ရိုးမအလင်း တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်း ဖွင့်လှစ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပုဂ္ဂလိက ဆရာများအသင်း(စစ်တွေ)က ဦးဆောင်ပြီး ဖွင့်လှစ်သော ရိုးမအလင်း တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ကျောင်းဖွင့်ပွဲအခမ်းအနားကို ဇူလှိုင်လ ၁၅ ရက်နေ့၌ ပြုလုပ်ခဲ့သည်။

ကျောင်းဖွင့်ပွဲအခမ်းအနားကို ရိုးမအလင်း တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်းတည်ရှိရာ ဂြစ်ဘက် ဘုန်းတော်ကြီးကျောင်းဝင်း တွင်  ပြုလုပ်ခဲ့သည်။

ယင်းကျောင်းအား ရည်မှန်းချက် ၆ ခုဖြင့် ဖွင့်လှစ်ထားရှိပြီး ငွေမပြည့်စုံ၍ ပညာမသင်နိုင်သော ကျောင်းသားများ မရှိရစေရန်၊ လူမှုရေးလုပ်ငန်းတွင် ပါ၀င်ဆောင်ရွက်စေခြင်းဖြင့် အများအကျိုးကို စောင့်ရှောက်တတ်သော ဆောင်ရွက်ချင်စိတ်ရှိသော လူတော်လူကောင်းများ ဖြစ်လာစေရန်၊ ရခိုင်လူမျိုးကို ချစ်ခင်မြတ်နိုးသော မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေရန် အချက်များပါ၀င်သည်။

“ပုဂ္ဂလိကဆရာများအသင်း (စစ်တွေ) ကဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ဝင်တန်း အခမဲ့ကျောင်းကနေ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းသူကျောင်းသား ၁၃ ယောက် အောင်မြင်ခဲ့တယ်ဆိုတော့ မဆိုးဘူးလို့ ပြောရပါမယ်။ ဆရာတော် အနေနဲ့တော့ ဒီထက်အောင်မြင်စေချင်ပါတယ်။ ဆရာတွေရဲ့ သင်ကြားမှုတွေကို တပည့်တွေက ဂရုတစိုက်နှလုံးသွင်းဖို့ လိုအပ်ပါတယ်”ဟု ကျောင်းဆောက်ရန် မြေနေရာခွင့်ပြုပေးထားသော ဂြစ်ဘက်ကျောင်းထိုင်ဆရာတော်က ပြောသည်။

အဆိုပါ ပုဂ္ဂလိက အခမဲ့သင်တန်းကျောင်းတွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ဖြေဆိုသူ ၅၀ ဦး ရှိခဲ့ပြီး ကျောင်းသားကျောင်းသူ ရ ဦးအောင်မြင်ခဲ့ကာ အောင်မြင်မှု ၁၆ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဖြေဆိုသူ ရ၂ ဦးရှိခဲ့ပြီး ၁၃ ဦးထိအောင်မြင်ခဲ့ကာ ၁၈ ရာခိုင်နှုန်း အောင်မြင်မှုရှိခဲ့သည်ဟု သိရသည်။

“ရိုးမအလင်း အခမဲ့ပညာသင်ကျောင်းအတွက် အစပိုင်းမှာ မြေနေရာအခက်အခဲ့ရှိပါတယ်။ ဒီကျောင်း ကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကတည်းက ဖွင့်ဖို့ကြိုးစားခဲ့ပေမယ့် ဘင်္ဂလီပြဿနာကြောင့် မအောင် မြင်ခဲ့ပါဘူး။ အစပိုင်းက ကျောင်းကို ဟိုရွှေ့ဒီရွှေ့ လုပ်ခဲ့ရပါတယ်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ရောက် မှ ဂြစ်ဘက်ဆရာတော်က ကျောင်းအတွက် မြေနေရာ ခွင့်ပြုခဲ့တဲ့အတွက် အဆင်ပြေခဲ့ပါတယ်”ဟု ပုဂ္ဂလိက ဆရာများအသင်းမှ နာယကတစ်ဦးဖြစ်သူ ဆရာကြီး ဦးအောင်ကျော်သာက ပြောသည်။

ပုဂ္ဂလိက ဆရာများအသင်း (စစ်တွေ)ကို နာယက ၅ ဦး၊ ကျောင်းအုပ် ၃ ဦးနှင့် အမှုဆောင်များဖြင့် ဖွဲ့စည်းထားပြီး စစ်တွေမြို့ပေါ်ရှိ ကျူရှင်ဆရာများဖြင့် မတည်ဖွဲ့စည်းထားသည်ဟု သိရှိရသည်။

“ရခိုင်ပြည်နယ်ရဲ့ပညာရေးဟာ အလွန်နိမ့်ကျနေပါသေးတယ်။ တက္ကသိုလ်ဝင်တန်းကို သင်ကြားနိုင်သူ ဟာ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိပါသေးတယ်။ ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိကကျောင်းတစ်ကျောင်းတည်းမှ ၆ ဘာသာဂုဏ်ထူးရှင် ၅၀ ဦးထိ ထွက်တဲ့အချိန်မှာ ရခိုင်တစ်ပြည်နယ်လုံးမှ ၆ ဘာသာဂုဏ်ထူးရှင် ၂၀ ဦးတောင် မပြည့်သေးပါဘူး”ဟု ဆရာကြီး ဦးအောင်ကျော်သာက ပြောသည်။

ရိုးမအလင်း တက္ကသိုလ်ဝင်တန်း အခမဲ့  ပညာသင်ကျောင်းတွင် စစ်တွေမြို့ပေါ်မှ ကျောင်းသူ ကျောင်းသားများသာမက ပုဏ္ဏားကျွန်း၊ ကျော်တော်၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်နှင့် မောင်တောတို့မှ ကျောင်းသူကျောင်းသားများလည်း တက်ရောက်ပညာသင်ကြားလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကျောင်းမှာ တက္ကသိုလ်ဝင်တန်းအတွက် ပညာသင်ကြားပေးရုံမကပဲ မနှစ်က ဒီဇင်ဘာလမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာ စာစီစာကုံးစွမ်းရည်ပြိုင်ပွဲကို ပြုလုပ်ခဲ့ပြီးတော့၊ ဒီနှစ်မှာလည်း အင်္ဂလိပ်နဲ့ ဂျပန်စကားပြောသင်တန်းကို ဖွင့်လှစ်ပေးထားပါတယ်”ဟု ကျောင်းအုပ် ဦးမြင့်သောင်းက ပြောသည်။

ကျောင်းသားများအနေဖြင့် တက္ကသိုလ်ဝင်တန်းကို မအောင်မြင်လျှင် ၅ တန်း ၆ တန်းက ထွက်သွား သည့် ကျောင်းသူကျောင်းသားများနှင့် အတူတူပင်ဖြစ်ကြောင်း ရိုးမအလင်း တက္ကသိုလ်ဝင်တန်း အခမဲ့ပညာသင်ကျောင်းမှ နာယက တစ်ဦးဖြစ်သူ ပြည်နယ်ပညာရေးမှူး (ငြိမ်း) ဆရာကြီး ဦးစံလှကျော်ကပြောသည်။

“အခမဲ့ပညာသင်ကြားခွင့်ရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဘဝမှာ အခက်အခဲရှိတဲ့ အတွက် ကျူရှင်ခမပေးနိုင်ပါဘူး။ ဆရာ ဆရာမတွေရဲ့ သင်ကြားမှုတွေကို ဂရုတစိုက်သင်ယူပြီး ကျက်မှတ်ဖို့အတွက် သမီးကို တိုက်တွန်းပါတယ်။ သမီးရဲ့စာဖတ်သံလေးကို ကြားရရင် အမေ တစ်ရက်လုံး အလုပ်လုပ်လာပြီး ပင်ပမ်းခဲ့သမျှအားလုံး အမောပြေသွားတယ်သမီးလို့ ကျွန်မအနေနဲ့ သမီးလေးကို ပညာပေးဆုံးမပါတယ်။ တခြားမိဘတွေအနေနဲ့လည်း သားသမီးတွေကို စာကြိုးစားကြဖို့ ဆုံးမပေးစေချင်ပါတယ်” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ခင်ခင်လှက ပြောကြားခဲ့သည်။

ရိုးမအလင်း တက္ကသိုလ်ဝင်တန်း ပုဂ္ဂလိက အခမဲ့ပညာသင်တန်းကျောင်းမှ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အောင်မြင် ခဲ့သော ကျောင်းသူကျောင်းသား ၁၃ ဦးကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

အခမ်းအနားကို မွန်းလွဲ ၁ နာရီခန့်တွင် စတင်ပြီး ၃ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ပုဂ္ဂလိက ဆရာများအသင်း (စစ်တွေ) မှ နာယကများ၊ ကျောင်းအုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသူကျောင်းသားစုစုပေါင်း ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်။

အဆိုပါကျောင်း၌ ယခုနှစ်ပညာသင်နှစ်တွင် နှစ်တက် ၄၆ ဦးနှင့် နှစ်ကျတန်းခွဲ (၅၄) ဦး စုစုပေါင်း ၁၀၀ ဦးရှိကာ ဘာသာရပ်ပြ ဆရာ ဆရာမ ၂၂ ဦးက သင်ကြားပြသလျက်ရှိကြောင်း သိရှိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...