ထို လှုံဆော်မှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီးကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဒေါ်ဝေဝေထွန်းက “ကမ်ပိန်းရဲ့ ရည်ရွယ်ချက်ကတော့ လာမယ့်အနာဂတ်မှာ အမျိုးသမီးတွေ နိုင်ငံရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံမှာ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့အတွက်နဲ့ လွှတ်တော်ထဲမှာ ပါ၀င်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ဒီကမ်ပိန်းကို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ယင်းကမ်ပန်းသို့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မှ အမျိုးသမီးရေးရာ လှုပ်ရှားသူများ၊ ရွေးကောက်ပွဲကော်မရှင်မှ အရာရှိတစ်ဦး အပါအဝင်၊ အမျိုးသားအချို့လည်း တက်ရောက်ခဲ့ကြသည်။

သို့သော် အဆိုပါကမ်ပိန်း၌ အစိုးရအဖွဲ့မှ အကြီးအကဲများကို ဖိတ်ထားသော်လည်း ပူးပေါင်းပါ၀င်မှု အားနည်းကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကို အပြန်အလှန် လေးစားမှုအနေဖြင့် ဖိတ်ကြားခဲ့သော်လည်း တက်ရောက်မှုမရှိဟု သိရသည်။
လူထုပါ၀င် ပူးပေါင်းမှု အပိုင်း၌ လူ ၂၀၀ ဖိတ်ကြားရာ၌ အလွှာပေါင်းစုံမှ လူ ၁၉၀ ကျော်တက်ရောက်ခဲ့ကြသဖြင့် အကျိုးရှိသည်ဟု ထင်မြင်ကြောင်း၊ ဆွေးနွေးတင်ပြမှုအပိုင်း၌လည်း ပွင့်ပွင့်လင်းလင်း တင်ပြခဲ့၍ မိမိတို့ မျှော်လင့်ခဲ့သော အသီးအပွင့်ကို ရသင့်သလောက် ရခဲ့သည်ဟု ထင်မြင်မိကြောင်း ဒေါ်ဝေဝေထွန်းက ပြောသည်။
ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “အမျိုးသမီးတွေ အနေနဲ့ အခွင့်အရေးတွေပဲ တောင်းဆိုနေကြတဲ့ အမျိုးအစားထဲမှာ ပါမှာလား၊ ကိုယ့်ကိုကိုယ် အရည်အချင်းပြည့်မီသူတစ်ယောက်ဖြစ်အောင် ကြိုးစား တည်ဆောက်ကြတဲ့ အမျိုးအစားထဲမှာ ပါမှာလားဆိုတာ ကို ကိုယ်ဟာကိုယ် ဆုံးဖြတ်ကြပါ”ဟု အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ယခုအခါ ရုံးဝန်ထမ်းလုပ်ငန်းများတွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် များပြားနေပြီး မကြာမီကာလတစ်ခု၌ လွှတ်တော်ထဲတွင် အမျိုးသမီးရာနှုန်း များလာနိုင်ပြီး မိခင်အုပ်ထိန်းသော ခေတ်ကို ပြန်ရောက်လာနိုင်သည်ဟု ရှေ့နေတစ်ဦးက မြန်မာနိုင်ငံအမျိုးသမီးများ၏ အနာဂတ်အခြေအနေနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
အဆိုပါကမ်ပိန်းကို နံနက် ၉ နာရီတွင် စတင်ပြီး မွန်းတည့် ၁၂ နာရီတွင် ပြီးဆုံးခဲ့သည်။







