ရခိုင်ဒေသနှင့်ကိုက်ညီမည့် သင်္ဘော ၆ စီး ဂျပန်အကူအညီဖြင့် အသစ်တည်ဆောက်မည်ဟု ပြည်ထောင်စု ၀န်ကြီးဆို

ရခိုင်ဒေသနှင့်ကိုက်ညီမည့် သင်္ဘော ၆ စီး ဂျပန်အကူအညီဖြင့် အသစ်တည်ဆောက်မည်ဟု ပြည်ထောင်စု ၀န်ကြီးဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသည့် ပြည်တွင်းရေးကြောင်း ပိုင်သင်္ဘောအချို့အား စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်။
ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသည့် ပြည်တွင်းရေးကြောင်း ပိုင်သင်္ဘောအချို့အား စစ်တွေဆိပ်ကမ်းတွင် တွေ့ရစဉ်။
ရခိုင်ဒေသနှင့်ကိုက်ညီမည့် ခရီးသည်တင် သင်္ဘော ၆စီးကို ဂျပန်နိုင်ငံအကူအညီဖြင့် အသစ်တည်ဆောက်ပေး သွားမည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောကြား လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

မတ်လ ၂၅ရက်နေ့၊ ညနေ ၆နာရီခန့်တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ၏ နေအိမ်သို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ အောင်တံခွန်သင်္ဘောနစ်မြုပ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်း ပြောဆိုစဉ် ယင်းအစီအစဉ်အား ပြောကြားခဲ့သည်ဟု အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြေပုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက နိရဥ္စရာသို့ပြောသည်။

“ရှေ့ဆက်ဆောင်ရွက်ပေးမယ့် အစီအစဉ်တွေကို ရှင်းလင်းပြောကြားရာမှာ ဂျပန်နိုင်ငံက JICA အဖွဲ့နဲ့ ဂျပန်နိုင်ငံခြားရေးဌာနတို့ရဲ့ အကူအညီနဲ့ ဒီဇိုင်းသစ်တွေဆွဲပြီး တည်ဆောက်ပေးသွားမယ်လို့ ပြောပါတယ်။ အဲလို ဒီဇိုင်းတွေဘာတွေ ဆွဲရဦးမှာဆိုတော့ အချိန်ကတော့ နည်းနည်းကြာဦးမယ့် သဘောရှိတာပေါ့လေ။ စျေးတင်ရောင်းနေတဲ့ သင်္ဘောမျိုးတော့ ဟုတ်မယ်မထင်ဘူး။ သူတို့မှာလည်း အဆင်သင့်ရှိပုံမပေါ်ဘူး” ဟု သူက ဆိုသည်။

ယင်းသင်္ဘောများကို မည်မျှအချိန်ယူတည်ဆောက်မည်ဆိုသည်နှင့် မည်သည့်အချိန်တွင် ရခိုင်သို့ လွှဲပြောင်း ပေးအပ်ပေးမည်ဆိုသည်ကို ဝန်ကြီးက အတိအကျပြောကြားခြင်း မရှိခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ပေးရန် သတင်းစကား ပါးခဲ့ခြင်းသာဖြစ်ကြောင်း ဦးဖေသန်းက ဆက်ဆိုသည်။

ဝန်ကြီးက အဆိုပါနေ့က ပြောကြားရာတွင် အောင်တံခွန်သင်္ဘောနစ်မြုပ်စဉ် ခရီးသည်ပေါင်းမြောက်များစွာ၏ အသက်များကို ကယ်တင်ခဲ့သည့် မြေပုံမြို့နယ်၊ အုန်းကျွန်းကျေးရွာမှ ဒေသခံ ၅ဦးကိုလည်း တစ်နိုင်ငံလုံးရှိ ရေကြောင်းသင်္ဘောများအား ရာသက်ပန် အခမဲ့ စီးနင်းခွင့်လက်မှတ်ကို ယင်းတို့အားခေါ်ယူ၍ ဂုဏ်ပြုချီးမြှင့်ပေးရန် စီစဉ်ထားကြောင်းလည်း ပြောခဲ့သည်ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

ရခိုင်ပြည်နယ်၏ ပြည်တွင်းရေကြောင်းခရီးစဉ်များအား ပြေးဆွွဲလျက်ရှိသည့် သင်္ဘောအများ စုမှာ  နှစ်ကာလကြာမြင့်စွာ အသုံးပြုထားသဖြင့် ဟောင်းနွမ်းနေကြပြီဖြစ်သည်ဟု သိရသည်။ မတ်လ ၁၃ရက်နေ့က  ကျောက်ဖြူမြို့နယ်နှင့် မြေပုံမြို့နယ်တို့အကြားတွင် နစ်မြုပ်ခဲ့သော အောင်တံခွန် (၃)သင်္ဘောမှာလည်း နှစ်ပေါင်း ၂၀ကျော် အသုံးပြုထားသော သင်္ဘော တစ်စီးဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး မှတ်တမ်းများအရ သိရသည်။

ယင်းသင်္ဘော နစ်မြုပ်မှုကြောင့် မတ်လ ၂၆ရက်အထိ အစိုးရ၏တရားဝင်ထုတ်ပြန်ထားသည့် စာရင်းအရ သေဆုံးသူ ၆ဝကျော် သွားပြီဟု သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...