ဒီကိစ္စနဲ့ပတ်သက်ပြီးအစိုးရတပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်အခမ်းအနားမှာ- ‘‘တိုင်းရင်းသားများ၏လိုလားချက်များနှင့် သဘောထားဆန္ဒများ ကိုအခြေခံပြီး ပါဝင်သင့်သူ အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရှိတဲ့ သတ်မှတ်နယ်မြေများတွင် ကျင်းပသွားရမှာဖြစ်ပါတယ်။” လို့ပြောပါတယ်။
ဒီကိစ္စအပေါ် နိုင်ငံရေးစောင့်ကြည့်လေ့လာသူတွေကတော့ – တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ထိန်းချုပ်နယ်မြေကလွဲလို့ ဘယ်နေရာမှာမှ ကျင်းပခွင့် မပေးဘူးဆိုတော့ – တောင်ကြီး ၊ ပင်လုံ၊ ကျိုင်းတုံမပြောသေးနဲ့ မိုင်းပန်၊ မိုင်းထား ကလွဲလို့ တခြားသောမြို့တွေမှာလဲ ကျင်းပ ခွင့်ရမယ့်ပုံမပေါ်ဘူး – လို့ ပြောပါတယ်။
သျှမ်းတောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ SADG ဥက္ကဌ စိုင်းဆေဟန်ကတော့ “ သျှမ်းပြည်က NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့ ၂ ဖွဲ့ရှိတယ်။ ပအိုဝ်း PNLO နဲ့ သျှမ်း RCSS/SSA ပေါ့နော်။ ပအိုဝ်းတွေက ဟိုပုံးမှာ ND ကျင်းပခွင့်ပေးတယ်။ သျှမ်းတွေကျတော့ မိုင်းတော့ မိုင်းထား သို့မဟုတ် မိုင်းပန် မှာလုပ်ခိုင်းတယ်။ အခုတော့ နဲနဲလျှော့ပေးတယ်ပြော ရမှာပေါ့။ လင်းခေးမှာကျင်းပမယ်ဆိုရင် ကျင်းပခွင့်ရမယ့်အနေအထားရှိတယ် ”- လို့ ပြောပါတယ်။
မင်္ဂလာစည်တော်ပါတီ ESSDDP ရဲ့ ဒုဥက္ကဌ စိုင်းဆမ်တစ်ဆေ ကတော့ – “ ဒီကိစ္စက အမျိုးသားရေး၊ နိုင်ငံရေး ကိစ္စဖြစ် တယ်။ နိုင်ငံရေးအနေနဲ့ကြည့်ရင် တန်းတူညီမျှရေးအတွက် တောင်ကြီးမှာ ဘဲလုပ်သင့်တယ်။” – လို့ပြောပါတယ်။
တောင်ကြီးမြို့မှာ ယခုနှစ်ဖေဖော်ဝါရီလတုန်းက ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲ Workshop မှာ လူဦးရေ ၅၀ဝ ကျော်တက်ရောက်ပြီး နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ လူမှုရေးအသင်းဖွဲ့များ၊ စာပေယဉ်ကျေးမှုအသင်း အဖွဲ့ပေါင်းစုံက ကိုယ်စားလှယ်တွေ တက်ရောက်ပါတယ်။
စိုင်းဆေဟန်က – NCA လက်မှတ်ရေးထိုးတာက RCSS/SSA ။ အစိုးရ အနေနဲ့က RCSS/SSA ဟာ သျှမ်းပြည် လူထု တရပ်လုံးအတွက် ကိုယ်စားမပြုမဟုတ်ဘူး။ RCSS/SSA နာမည်နဲ့ ၎င်း တို့ ထိန်းချုပ် နယ်မြေမှာပဲ လုပ်စေချင်တယ်။ ဒါပေမယ့် သျှမ်း ND လုပ်ဖို့က CSSU နာမည် နဲ့ တောင်ကြီး သို့မဟုတ်ပင်လုံမှာလုပ်ဖို့ပြင်ဆင်တယ်။ ဒါဖြစ်ဖို့တော့ မလွယ်ဘူးလို့မြင်မိ တယ်။ လင်းခေးဆိုရင် ခရိုင်ရုံးစိုက်ရာမြို့ဖြစ်တဲ့အတွက် အဆင်ပြေမယ်လို့ယုံကြည်တယ်။ – လို့ဆက်ပြောပါတယ်။
TYN သျှမ်းလူငယ်ကွန်ယက်ခေါင်းဆောင် စိုင်းနော်ဆိုင်ကတော့ တခြားမြို့မှာ ND ကျင်းပ မယ်ဆိုရင်တော့ မသင့်တော်ဘူး။ သျှမ်းတွေအတွက် နိုင်ငံရေးဂုဏ်သိက္ခာ နဲ့ကိုက်ညီမယ့် တောင်ကြီး သို့မဟုတ် ပင်လုံ တနေရာရာမှာဘဲ ကျင်းပသင့်တယ် လို့ အခုလိုပြောပါတယ်။
“မိုင်းပန်၊ မိုင်းတော့ ၊ မိုင်းထားမှာလုပ်မယ်ဆိုရင် လူအင်အား ၄၀ဝ-၅၀ဝ လောက်ဆိုရင် နေဖို့စားဖို့နေရာ၊ သွားရေး လာရေး အဆင်ပြေမှာမဟုတ်ဘူး။ ဒါနိုင်ငံရေးအမြင်နဲ့ကြည့် မယ်ဆိုရင်လည်း အထင်သေးရာကျတယ်လို့မြင်ပါတယ်။ ကျနော်တို့ လူကြီးတွေ ခေါင်းဆောင်တွေလည်း သူတို့ချမှတ်ပေးတဲ့နေရာသွားလုပ်ချင်မှာမဟုတ်ဘူး” – လို့ စိုင်းနော်ဆိုင်က ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် RCSS/SSA ခေါင်းဆောင်ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြီးခဲ့တဲ့ စက်တင်ဘာလက တကြိမ်၊ အောက်တိုဘာလထဲမှာတကြိမ် နေပြည်တော် ကိုရောက် ရှိခဲ့ပါတယ်။
အဲဒီခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၇-၁၈ ရက်နေ့က လူထု နဲ့ တောင်ကြီးမြို့ တွေ့ဆုံ ရှင်းလင်းပွဲမှာ သျှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ND မလုပ်ခင်မှာ Workshop တကြိမ် ထပ်မံ ကျင်းပမယ်။ အဲဒီ ဝေါ့ပ်ရှော့ပ် ပြီးရင် ကွင်းဆင်းပြီး သျှမ်းပြည် လူထုကို တွေ့ဆုံရှင်းလင်းဦးမှာမို့သျှမ်း ND ကိုတော့ ဒီ ၂၀၁၇ ထဲမှာကျင်းပနိုင်တော့ မှာမဟုတ်ဘူးလို့ ပြောပါတယ်။







