ဦးချမ်းအေးအကြောင်း မှတ်မိသ၍

ဦးချမ်းအေးအကြောင်း မှတ်မိသ၍
by -
သံလွင်တိုင်းမ်
လူမှုရေးအရ အရေးရခက်သူ ၂မျိုးရှိသည်ဟုဆိုသည်။ တဦးက ကွယ်လွန်ပြီးသူ၊ တဦးက ဆွေမျိုးတော်သူ။ ကွယ်လွန်ပြီးသူအကြောင်းနှင့် ပတ်သက်၍ ရေးရသည့်အခါ အချက်အလက်များ အတည်ပြုဖို့ခက်သည်။ အထူးသဖြင့် သူ့အားနည်းချက်များကိုရေးလျှင် သူ့မှာပြန်လည်ချေဖို့ အခွင့် အရေး မရှိတော့သဖြင့် သေပြီးသူအကြောင်း မကောင်းရေးလေ့မရှိ။ ဆွေမျိုးတော်သူများ ကျတော့ သူ့အမျိုးအကြောင်း သူအကောင်းရေးမှာပေါ့ဟု အထင်ခံရနိုင်ဖွယ်ရှိသည်။ ဦးချမ်းအေး ကွယ်လွန်ခဲ့ ပြီ။ ကျနော်နဲ့က ဆွေမျိုးမကင်း။ မတတ်နိုင် အစွန်း ၂ပါးကို တတ်နိုင်သလောက် ရှောင်ပြီးသကာလ မှတ်မိသမျှ ရေးကြည့်မည်။

မနေ့ညနေက ဦးချမ်းအေး ကွယ်လွန်ကြောင်း သတင်းရသည်။ ညီမနှင့် ဇနီးတို့သွားကြသည်။ ကျနော် မသွားဖြစ်။ ကိုယ်လုပ်နေကျ ဖွဘုတ်ပေါ် သတင်းတင်လိုက်သည်။ ယနေ့ အစိုးရဖြစ်နေသော NLD စတင် ဖွဲ့စည်းစဉ်က ဗဟိုဦးစီးအဖွဲ့ဝင်၊ မွန်ပြည်နယ် စည်းရုံးရေးမှုး၊ မွန်ပြည်နယ် ဥက္ကဌ၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အစရှိသည့် တာဝန်များကို ဦးချမ်းအေး ထမ်းဆောင်ခဲ့သည့် အကြောင်း ယနေ့ (မွန်ပြည်နယ် အပါအဝင်) NLD ပါတီဝင် အများစု သိချင်မှ သိကြမည်။ ထိုအကြောင်းများ ထည့်ရေးသည်။ ဒီမနက်ဘဲ ဦးချမ်းအေးနှင့် ပါတ်သက်လျှင် အငြင်းပွားစရာ အယူအဆတွေ ရှိကြောင်း စာရေးဆရာ (ကို)ကျော်ဝင်း ရေးတာဖတ်ရသည်။ အယူအဆနှင့် ပါတ်သက်လျှင် မတူတာတွေ ရှိနိုင် သော်လည်း ဦးချမ်းအေး ထမ်းဆောင်ခဲ့သည့် တာဝန်တွေက ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံရမည့် အချက်အလက်တွေ ဖြစ်သည်။

ရဲဘော်ချမ်းအေး ဆိုသည့် အမည်ကို စတင်ကြားဘူးခဲ့သည်မှာ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆိုရှယ်လစ်ခေတ်ကို ချီတက်နေသည့် အချိန်က ဖြစ်သည်။ ကုန်ထုတ်အရင်းအနှီးများသည် နိုင်ငံတော် က ပိုင်ရမည် ဆိုသည့် အယူအဆအရ စီးပွားရေးလုပ်ငန်းများ အားလုံးလောက်နီးပါး ပြည်သူပိုင်သိမ်း လိုက်သဖြင့် လုပ်ငန်းတွေရပ် အလုပ်လက်မဲ့တွေပေါများ သွားသောအခါ လစ်ဟာသွားသော နေရာ တို့ကို စျေးကွက် သဘောတရားအရ မှောင်ခိုလုပ်ငန်းများက ဖြည့်စွက်ပေး လေသည်။ မှေင်ခိုဆို၍ ငွေလုံးငွေရင်း ကြီးကြီးမားမားဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်သူထက် တနိုင်တပိုင် ငွေချေးငှားပြီး လုပ်ရသော လက်လုပ်လက်စားတွေက ပိုများသည်။ ထို အခြေခံ လူတန်းစားများဖက်မှ ရှေ့နေတဦး ဖြစ်သော ရဲဘော်ချမ်းအေးက ရပ်တည်ပေးသည်ဟု ဆိုသည်။ သူ၏ အမှုသည် ဖြစ်ခဲ့ဘူးသော ကုန် သည်တဦးနှင့် မြိတ်မြို့တွင်ဆုံခိုက် ထိုကုန်သည်က ဤသို့ပြောပြ၏။

ထိုကုန်သည်သည် မော်လမြိုင်မြို့မှ ဆန်များကို မြိတ်မြို့သို့ သယ်ယူ ရောင်းချသည်။ ထိုခေတ်က ဤသို့ပြုသည်မှာ တရားမဝင်သောကြောင့် အဖမ်းခံရသည်။ ဆိုရှယ်လစ် စီးပွားရေးစနစ် ကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေတွင် သေဒဏ်အထိ် ပေးနိုင်သော ပုဒ်မရှိခဲ့သည်။ ဦးချမ်းအေး က တရားခွင်တွင် တရားသူကြီးအား ဤသို့ပြောသည်ဟု ဆို၏။ ခင်ဗျားတို့ မြိတ်မြို့က ကျနော်တို့ မော်လမြိုင်မြို့က ဆန်တွေဝင်လာမှ စားရတာ ခင်ဗျားတို့က ကျေးဇူးတောင် တင်ရဦးမည်ဟု ဆို၏။ ထိုခေတ်က ၁၄(၁)ဟုခေါ်သည့် ဆိုရှယ်လစ် အမှုတွေ များလှသည်ဖြစ်ရာ ထောင်မဆန့်။ ကြာလာ တော့ ထုံးစံအတိုင်း တရားရုံးနှင့် ညှိနှိုင်း ပစ္စည်းသိမ်း ဒဏ်ရိုက် အမှုပြီးရလေသည်။ ထိုကုန်သည်ကဘဲ ပြောပြသည်မှာ ဦးချမ်းအေးသည် တခါတရံ အရက်သောက်ပြီး တရားရုံးလာသဖြင့် တရားသူကြီးက တားမြစ်ရသည်ဟု ဆိုသည်။

ဦးချမ်းအေး၏ တဦးထည်းသော သမီးနှင့် ကျနော်၏ ညီဝမ်းကွဲတို့ လက်ထပ်လိုက်ခြင်းဖြင့် ကျနော့်ဦးလေးအိမ်တွင် ထိုခေတ်က မော်လမြိုင်တွင် နာမည်ကြီးလှသော ရဲဘော်ချမ်းအေးကို စတင် မြင်ဘူးခဲ့သည်။ နောင်ရင်းနှီးလာသောအခါ အထက်ပါ ကုန်သည်၏ ပြောစကားကို ကျနော်က စပ်စု ကြည့်မိသည်။ သူက တိုက်ရိုက်မဖြေ ရယ်သွမ်းသေး၍ ဤသို့ပြောသည်။ ငါ့ကိုလူတယောက်က တခါ ဒီလိုလာပြောတယ်။ ဆရာ ကျနော့်ကို မှတ်မိလား။ တခါ ဆရာမူးနေလို့ ဆရာ့ကို ကျနော် အိမ်လိုက် ပို့ရတယ်လေ။ အေးကွာ အဲဒီလိုမူးတဲ့အခါ လိုက်ပို့တဲ့လူတွေ များလွန်းလို့ မမှတ်မိတော့ဘူး ဟု ဦးချမ်းအေးက ပြန်ဖြေလိုက်လေ၏။ သူယုံကြည်သော ဆိုရှယ်လစ် စနစ်နှင့် အမှန်တကယ် ဖြစ်နေ သည်တို့ကို ဘဝင်မကျသော ဦးချမ်းအေးသည် တခါတရံ ဂွတိုက်ခဲ့ဟန်ရှိသည်။

ဒီလိုနှင့် ၁၉၈၈ အရေးအခင်းကြီး ဖြစ်လာသောအခါ ဦးချမ်းအေးနှင့် ရေစက်ဆုံရပြန်ပါသည်။ ပါတီထောင်မည်ဟုပင် မရည်ရွယ်ရသေးသော သပိတ်ကာလ ဒေါ်အောင်ဆန်းစုကြည်၏ခြံထဲ ရောက် လာကြသူများထဲတွင် ဦးချမ်းအေးလည်း တယောက် အပါအဝင်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပထမ အိမ်ထောင် ဒေါ်သန်းသန်းတို့သည် Oxford တွင် တခန်းထဲ အတူနေခဲ့သောကြောင့် သူသည် ဒေါ်စုနှင့် မစိမ်းပေ။ ဤသို့ဖြင့် NLD ပါတီ စတင် ဖွဲ့စည်းသည့်အခါ သူသည် ဗဟိုဦးစီး အဖွဲ့ဝင် ဖြစ်လာပြီး မွန်ပြည်နယ် စည်းရုံးရေးကို တာဝန်ယူလိုက်လေသည်။

ဒေါ်အောင်ဆန်းစုကြည်က (နေအိမ်အကျယ်ချုပ် ချခံရသည့်အချိန်အထိ) ရွေးကောက်ပွဲ ၀င်မည်ဟု ယတိပြတ် မဆုံးဖြတ်ရသေးသော်လည်း မွန်ပြည်နယ် စည်းရုံးရေး စသည်နှင့် သူက ရွေးကောက်ပွဲဝင်မည်ဟု ပွင့်ပွင့်လင်းလင်းပြောပြီး မြို့နယ်များမှာလည်း သင့်တော်သူများ လျာထား ကြရန် လှုံ့ဆော်သည်။ ဗိုလ်မှုးချုပ်ဟောင်းအောင်ကြီးက NLD ခေါင်းဆောင်ပိုင်းတွင် ကွန်မြူနစ် ဟောင်းများ လိုလားသူများ ပါ၀င်နေသည်ဟု စွပ်စွဲသည့်အခါ ၄င်းစွတ်စွဲခံရသူများ အထဲတွင် ကွန်မြူ နစ်ဆိုလို့ လက်ညှိးထိုးပြစရာ ကျနော်တယောက်ဘဲရှိတယ်ဟူ၍ ပွင့်ပွင့်လင်းလင်း တုံ့ပြန်ခဲ့သည်။

၁၉၈၉ ခု၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ် အကျယ်ချုပ်ချထားခံရပြီး ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အနိုင်ရသည့်အခါ ဦးချမ်းအေးသည် မော်လမြိုင်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ အနိုင် ရခဲ့သည်။ (၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပထမအကြိမ် လွတ်မြောက်သော ကာလ၌လည်းကောင်း ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလ၌ လည်းကောင်း ဦးချမ်းအေးသည် NLD ကို ရွေးကောက်ပွဲဝင်ရန်သာ တစိုက်မတ်မတ် တိုက်တွန်းခဲ့သည်။)

ရွေးကောက်ပွဲပြီးသည့်နောက် NLD က တနိုင်ငံလုံး အနိုင်ရခဲ့သော NLD လွှတ်တော် ကိုယ် စားလှယ်များကို ဂန္ဓီခန်းမတွင် စုဝေးခဲ့သည်။ NLD က မိမိဘာသာ အစိုးရကြေညာမည်ကို စိုးရိမ်သော ကြောင့် နဝတက ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်သည်။ NLD က ၁/၉၀ ကို လုံးဝ လက်မခံပါ ဟု တုံ့ပြန်သည်။ ၄င်း တုံ့ပြန်ချက်ကို အဓိက ဦးဆောင်သူဟု ယူဆရသော ဦးချမ်းအေး အဖမ်းခံ ထောင် ကျရလေသည်။ (နောက်ပိုင်းတွင် နိုင်ငံရေးပါတီများအား ၁/၉၀ ကိုလက်ခံကြောင်း ဖိအားပေး လက် မှတ်ရေးထိုးစေခဲ့သည်။)

` ရှေ့နေ တယောက်အဖြစ်သာ သိခဲ့သော ဦးချမ်းအေးကို မောင်စူးစမ်း ကလောင်အမည်ဖြင့် ရေးသားခဲ့သော ဘောဂဗဒပညာရှင် တယောက်အဖြစ် နောက်မှ သိရသည်။ NLD ၏ ဗဟို အလုပ်အမှု ဆောင် အဖွဲ့ဝင် နောက်တဦးဖြစ်သော ဦးညွန့်ဝေနှင့် သူသည် စီးပွားရေး တက္ကသိုလ်တွင် နာမည်ကြီး များ ဖြစ်ကြသည်ဆိုိ၏။ ဦးညွှန့်ဝေက ကမ္ဘာကျော် ထိပ်တန်း Harvard University တက်ရောက်ခွင့် ရခဲ့ပြီး ဦးချမ်းအေးမှာ တောခိုသွားခဲ့သောကြောင့် ပညာဆက်လက် ဆည်းပူးခွင့် မရခြင်းဖြစ်ဟန်ရှိ သည်။ ဘောဂဗေဒ ကကြီး ခကွေး၊ ဗမာ့စီးပွားရေး စစ်တမ်း အပါအဝင် စီးပွားရေး စာအုပ် ဆောင်းပါး အမြောက်အများ ရေးခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအတွက် ကြေညာစာတမ်း (Electoral Manifesto) အပါအဝင် ပါတီ မူဝါဒဆိုင်ရာ စာတမ်း အမြောက်အများကို ရေးဆွဲရာ၌ ဦးဆောင်ပါ၀င်ခဲ့သည်။

ဤစာစုသည် ဦးချမ်းအေး အထုပ္ပတ္တိ မဟုတ်သဖြင့် စာမျက်နှာကို ငဲ့၍ အဆုံးသတ်ပါရစေ။ ဦးချမ်းအေး (ခေါ်) မောင်စူးစမ်း (ခေါ်) ဦးတင်ရွှေ အကြောင်း သိရှိသူများ ရေးသားသည်ကို စုဆောင်း နိုင်ပါက စာအုပ် တအုပ် ဖြစ်လာဖွယ်ရှိသည်။ သိရှိသူများ ရေးသားကြပါရန်လည်း တိုက်တွန်းအပ်ပါ သည်။

ဦးချမ်းအေး ကောင်းရာမွန်ရာ ဘုံဘဝမှာ အေး အေး ချမ်း ချမ်း အနားယူနိုင်ပါစေ။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...