ဒူးရင်းအုန်းနို့ ခေါက်ဆွဲချက်နည်း

ဒူးရင်းအုန်းနို့ ခေါက်ဆွဲချက်နည်း
by -
နောသမိန့်အိမ် /ကေအိုင်စီ
ဇူလိုင် ၁၄ ရက်၊ နောသမိန့်အိမ် မိုးတွင်းရောက်တာနဲ့ ရာသီထွက်သီးနှံ အများအပြားထွက်ရှိရာမှာ အဲဒီအထဲက အနံ့ပြင်းပြီးအရသာချိုစိမ့်တဲ့ ဒူးရင်းသီးဟာလည်း ကျမတို့ဒေသရဲ့ရာသီစာအသီးအနှံတစ်ခုပေါ့။ “ဒူးရင်းသီး”လို့ပြော လိုက်တာနဲ့ အသီး မှည့်မှစားလို့ရမယ်လို့ တချို့တွေက ထင်မှာသေချာပါတယ်။ ကျမရဲ့ ဒေသဖြစ်တဲ့ ကော့ကရိတ်တောင်ပိုင်းကတော့ ကရင်ပြည်နယ်ရဲ့ဒူးရင်းသီး အထွက်များတဲ့ဒေသမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ဒေသခံတွေအနေနဲ့ ဒီလိုရာသီချိန်ရောက်တာနဲ့ ဒူးရင်းသီးကိုဟင်းလျာ အဖြစ် ချက်ပြုတ်တာအပြင် မုန့်ပဲသွားရည်စာအဖြစ်လည်းအမျိုးမျိုး ပြင်ဆင်စားသောက်တာ တွေ့ရမှာဖြစ်တယ်။ ဒူးရင်းသီးမမှည့်ခင် သီးရင့်ခါနီးအချိန်မှာ အသီးကိုခူးလိုက်ပြီး အထဲက ဒူးရင်းသီးအသားကိုကြော်ကာဟင်း လျာတစ်မျိုးအဖြစ်စားလို့လည်းရတယ်။ ကြက်သားနဲ့ဟင်းချက်စားလို့ရတယ်၊ ဒူးရင်းသီးအုန်းနို့ခေါက်ဆွဲချက် စားတာလည်းရှိပါတယ်။ အဲဒီအပြင် အသီးမှည့်တွေကိုလည်း ယိုထိုးတာလည်း ရှိပါတယ်။ မေလလောက်မှာ ဒူးရင်းသီးလှိုင်လှိုင်ပေါ်တဲ့ ရာသီရောက်ရင် ကျမတို့ရွာမှာတော့ ဒူးရင်းသီးအုန်းနို့ခေါက်ဆွဲတွေ ကို အိမ်တော်တော်များများမှာ ချက်စားကြပါတယ်။ သူတို့တွေက ဒူးရင်းသီးအုန်းနို့ခေါက်ဆွဲကို မိုးရာသီ ရောက်တာနဲ့ ချက်စားနေကျဆိုတော့ ဒူးရင်းသီးမပါဘဲ အုန်းနို့ခေါက်ဆွဲ သိပ်မချက်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အုန်းနို့ ခေါက်ဆွဲချက်ရင်ဒူးရင်းသီးထည့်မှ အရသာပိုရှိတယ်လို့ ဒေသခံတွေ စွဲမှတ်နေတဲ့အတွက်ကြောင့်ပါ။ အခုတော့ ကျမဒေသတို့ဒေသမှာ ရာသီစာတစ်ခုအဖြစ် စားသုံးတဲ့ ဒူးရင်းအုန်းနို့ခေါက်ဆွဲချက်ပြုတ်နည်းကို တင်ပြပေးမှာဖြစ်ပါတယ်။ ဒူးရင်းအုန်းနို့ခေါက်ဆွဲ ချက်စားကြမယ်ဆိုရင် ပထမဦးဆုံးလိုအပ်တာကတော့ ဒူးရင်းသီး ၂လုံး၊ ကြက်သား ၅၀သား၊ အုန်းသီးတစ်လုံး၊ ကြက်သွန်ဖြူနှစ်လုံး၊ ငရုပ်သီးအစိမ်းမှှုန့်၊ နနွင်းမှှုန့်၊ ဆား နဲ့ဆီတွေလိုပါတယ်။ ပထမဆုံး ဒူးရင်းသီးကို ခွဲရမှာဖြစ်ပါတယ်။ ခွဲပြီးသွားပြီးဆိုရင် အစေ့ကိုထုတ်ယူပြီး ဒူးရင်းသီးအသား သက်သက် ကို သာယူရပါမယ်။ အစေ့နဲ့ကပ်ပြီးဖန်တဲ့အရသာမကျန်ဖို့ အထူးဂရုပြုရပါတယ်။ ဒူးရင်းသီးတစ်မွှာကို ၄ စိပ်၊ လောက်စိပ်ထားပါ ။ တစ်ဆက်တည်းမှာဘဲ အုန်းသီးတစ်လုံးကိုခြစ်ပြီး ဦးရေညစ်ယူကာပန်းကန်တစ်လုံးထဲမှာ အရင်ဖယ်ထား ရပါတယ်။ ပြီးမှ ကျန်ရှိတဲ့ အုန်းသီးခြစ်သားတွေကို တစ်ခါအရည်ပြန်ညှစ်ပြီး ရရှိလာတဲ့ အုန်းနို့ရည်တွေကို ပန်းကန်နောက်တစ်လုံးထဲမှာ ပြန်ထည့်ထားပါ။ နောက်ပြီး ကြက်သား ၅၀ သားကိုလည်း အတုံးသေးသေးလေးတုံးပြီး ရေဆေးထားရပါတယ်။ နောက်တစ်ခုက ဟင်းချက်သလိုဘဲ ကြက်သွန်ဖြူ နဲ့ ငရုပ်သီးအကျက်မှှုန့်ကို ကြေညက်အောင်ထောင်းထားဖို့ လိုပါတယ်။ ဒါတွေ ပြင်ဆင်ထားပြီး အဆင်သင့်ဖြစ်သွားပြီဆိုရင် ပထမဦးဆုံး အရင်လုပ်ရမှာက ထောင်းထားတဲ့ ငရုပ်သီး အကျက်မှှုန့်ကို အနံ့မွှေးအောင် အရင်ဆီသပ်ရပါတယ်။ ဆီသပ်ပြီးရင် တုံးပြီးသားကြက်သားတုံးလေးတွေ ထည့်ပါ။ ပြီးရင် အုန်းနို့ဦးရေထည့်ပြီး ချက်ချင်းရောမွှေကာ အနံ့မွှေးသွားအောင် ဆီသပ်ရမှာဖြစ်ပါတယ်။ အရသာအတွက် လိုအပ်တဲ့ ဆားနဲ့ဟင်းခတ်အချိုမှုန့်ထည့်ဖို့ လိုပါတယ်။ အဲဒါကို မီးဖိုပေါ်မှာ အဖုံးပိတ်ပြီး ၅ မိနစ်လောက် ချက်ထားပါ။ ပြီးသွားပြီဆိုရင် ကျန်တဲ့အုန်းနို့ရည်နဲ့ စိပ်ထားတဲ့ ဒူးရင်းသီးကို ပြန်ထည့်ရပါတယ်။ နောက်တစ်ခုကတော့ စိမ်းစားငါးပိ(ပုဇွန်ငါးပိ)ကိုလည်း ကြိုက်ရင်နည်းနည်းလေးအရည်ဖျော်ပြီး ထည့်လို့ရပါတယ်။ အဲဒါတွေအားလုံးထည့်ပြီးသွားရင် ၅ မိနစ်လောက်အိုးအဖုံးပြန်ပိတ်ထားရပါမယ်။ နည်းနည်းပွက်လာပြီဆိုရင် အရည်ပျစ်ပျစ်လေးဖြစ်အောင်ခန့်မှန်းပြီး လိုအပ်တဲ့ရေပမာဏကို ပြန်ထည့်ကာ ဟင်းရည်ကျက်တဲ့အထိ အဖုံးပိတ်ပြီး ချက်ထားရပါတယ်။ တစ်ခုသတိထားရမှာက ဒူးရင်းသီးအဖတ်ကို အကုန်ကျေအောင်တော့မချက်ရပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒူး ရင်းသီးအဖတ်လေးကို ခေါက်ဆွဲနဲ့ ပြန်စားရတဲ့အချိန်မှာပိုပြီး အရသာစိမ့်လို့ဖြစ်ပါတယ်။ အင်ဥလည်းရော ထည့် ပြီးချက်လို့ ရပါတယ်။ ဒူးရင်းသီး အုန်းနို့ခေါက်ဆွဲအရည်ကျက်သွားပြီ၊ ကိုယ်လိုချင်တဲ့အရသာ ရပြီးဆိုရင် ဆန်နဲ့လုပ်ထားတဲ့ ခေါက် ဆွဲပြားအဖတ်နဲ့စားလို့ရသလို ဂျံုနဲ့ လုပ်ထားတဲ့ ခေါက်ဆွဲနဲ့လည်း စားသုံးလို့ရပါပြီ။ ကျမတို့ဒေသမှာတော့ သူတို့ ကိုယ်တိုင်ဆန်ထောင်းပြီးလုပ်ထားတဲ့ ဆန်ခေါက်ဆွဲပြားကိုဘဲ စားသုံးကြတာများပါတယ်။ ဒူးရင်းသီးအုန်းနို့ခေါက်ဆွဲကတော့ ကြိုက်တဲ့သူတွေအဖို့ အနံ့မွှေးပါတယ်။ တစ်ခုထူးခြားတာက အသီးမှည့် စားရသလိုအနံ့မစူးပါဘူး။ ဒူးရင်းသီးမကြိုက်တဲ့လူတွေအတွက် ဒီအုန်းနို့ခေါက်ဆွဲဟာ အနံ့မပြင်းပဲ မွှေးတဲ့ ရနံ့ရှိတာကြောင့် ကြိုက်နှစ်သက်ကြမယ်လို့လည်း ထင်ပါတယ်။ ဒူးရင်းသီးအုန်းနို့ခေါက်ဆွဲဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲက ဒေသခံတွေရဲ့ ရာသီအလိုက် ဒေသထွက် အစားအစာတစ်ခုပါ။ ဒူးရင်းသီးကြိုက်တဲ့သူတွေအနေနဲ့ ဒီအတိုင်းစားသုံးတာထက် ဟင်းလျာ တစ်ခုအဖြစ် ဒူးရင်းသီးကို ချက်ပြုတ်စားသုံးလို့ရသလို ဒူးရင်းသီး အုန်းနို့ခေါက်ဆွဲ ချက်စားလို့ရ တယ်ဆိုတဲ့ အကြောင်း တင်ပြပေးလိုက်ရပါတယ်။

Most read this week

ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...