မယ်လစခန်းတွင် MFLF အဖွဲ့မှ သွားနှင့်ဆိုင်သော ကုသမှု အခမဲ့ လာရောက်ပြုလုပ်ပေး

မယ်လစခန်းတွင် MFLF အဖွဲ့မှ သွားနှင့်ဆိုင်သော ကုသမှု အခမဲ့ လာရောက်ပြုလုပ်ပေး
by -
ကေအိုင်စီ

ထိုင်းဘုရင့်တော်ဝင်မိသားစုမှ တည်ထောင်ထားသော ဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Mae Far long Foundation(MFLF)က ဦးဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ မယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည် များကို သွားနှင့်ဆိုင်သော ဆေးကုသပေးမှုများကို နှစ်ရက်တာ အခမဲ့ လာရောက်ပြုလုပ်ပေးခဲ့သည်။

ဇွန်လ ၂၅ နှင့် ၂၆ ရက်နေ့၌ MFLF မှ တာဝန်ခံခေါင်းဆောင် မစ္စတာခွန်ချိုင်းအပါအဝင် ချူလာလောင်ကွန် ဆေးရုံမှ သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် မယ်လစခန်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများပါ၀င်သည့် အင်အား ၃၀ ကျော်တို့က မယ်လစခန်းအတွင်းရှိ အထက (၁)ကျောင်းတွင် သွားနှင့်ဆိုင်သော ကုပေးမှုများ ထိုသို့ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

မယ်လစခန်းကော်မတီ အတွင်းရေးမှူး စောအဲ့ကလယ်က “အခု လာလုပ်ပေးတာက သွားစိုက်တာ၊ သွားဖာတာ နဲ့ ခြစ်တာပေါ့။ လူကြီးပိုင်းနဲ့ လူငယ်တွေများတယ်။ ကလေးတွေ နည်းတယ်။ သွားစိုက်တာကတော့ သူတို့ ကိရိယာမလုံလောက်လို့ စိုက်ပေးတာတော့ မရှိဘူး”ဟု ပြောသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း စခန်းတာဝန်ရှိသူများနှင့် (MFLF)တာဝန်ရှိသူတို့တွေ့ဆုံရာခဲ့ပြီး စခန်းရှိ  ဒုက္ခသည်များကို ထိုသို့ ကုသမှုများပြုလုပ်ပေးနိုင်ရန် တောင်းဆိုခဲ့ပြီးနောက် ယခုလို လာရောက်ကူညီပေးခြင်း ဖြစ်ကြောင်းလည်း စောအဲ့ကလယ်က ကေအိုင်စီသို့ ပြောသည်။

၎င်းအခမဲ့ကုပေးမှုကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အချိန်ပြည့်ကုသပေးပြီး နှစ်ရက်တာအတွင်း စခန်းရှိ သွားနှုတ်၊ သွားဖာ၊ သွားခြစ်ပြုလုပ်သူ စုစုပေါင်း ၂ ထောင်ကျော် ရှိခဲ့သည်ဟု သိရသည်။

ဆက်လက်၍ စောအဲ့ကလယ်က ယခုလို ကုသပေးရန် (MFLF)မှ ကြိုတင်စီစဉ်သည့်အနေဖြင့် စခန်းအတွင်း ကုသလိုသူများစာရင်းကို ဦးစွာ ကောက်ခံထားပြီးမှ ကုသပေးခဲ့ခြင်းဖြစ်သလို လာရောက်သူလည်း များပြား ကြောင်း ပြောဆိုသည်။

မယ်လစခန်းအတွင်း၌ MFLF  အနေဖြင့် ယခုလို လာရောက်ကုသပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့် ၄ လခန့်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ အခြားသောစခန်းများသို့ ဆက်လက်၍ သွားရောက်ကုသပေးရန် အစီအစဉ် ရှိသည်ဟု သိရသည်။

Most read this week