မြန်မာပြည်မှာ ‘ဒီမိုကရေစီ’ ဆိုတဲ့ အသံကိုကြားရရုံနဲ့ ထောင်နှုတ်ခမ်းကို ပြေးမြင်မိကြမှာမလွဲပါ။ ဘာကြောင့်လည်းဆိုတော့ ခေတ် အဆက်ဆက် ဒီမိုကရေစီ..ရရှိရေး..ဒို့အရေး အော်ခဲ့သူတွေ ထောင်ကို ပါမစ်မလိုဘဲ တန်ပြီး ရောက်သွား....
မြန်မာပြည်မှာ ‘ဒီမိုကရေစီ’ ဆိုတဲ့ အသံကိုကြားရရုံနဲ့ ထောင်နှုတ်ခမ်းကို ပြေးမြင်မိကြမှာမလွဲပါ။ ဘာကြောင့်လည်းဆိုတော့ ခေတ် အဆက်ဆက် ဒီမိုကရေစီ..ရရှိရေး..ဒို့အရေး အော်ခဲ့သူတွေ ထောင်ကို ပါမစ်မလိုဘဲ တန်ပြီး ရောက်သွားတဲ့ အလေ့အထရှိလို့ပါ။ အဲ နောက်တစ်ခုကတော့ မဲရွေးပွဲ၊ မိမိနှစ်သက်တဲ့ ပါတီ၊ အမတ်လောင်းကို မဲပေးဖို့အတွက် ‘မဲ’ ဆိုတဲ့စကားကို ကြားရုံနဲ့ အကြောက် တရားက ရှိနေပြီးသား။
ဘာဖြစ်လို့လည်းဆိုတော့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်တုံးကလည်း အတိုက်အခံပါတီတွေက အမတ်လောင်းအများစုတွေဟာ ထောင်ကျသူက ကျ၊ ပြည်ပရောက်သူတွေကရောက်၊ စောင့်ကြည့်ခံရတဲ့သူက စောင့်ကြည့်ခံရနဲ့ပေါ့။ ဒီအတိုင်းပါပဲ အခု နိုင်ငံတော် အစိုးရက ၂၀၁၀ ခုနှစ်မှာ စည်းကမ်းရှိသော ဒီမိုကရေစီအတွက် လူထုတွေ မဲထည့်ကြရမယ်တဲ့။ အဲဒါ ပိုဆိုးတာပေါ့၊ ကျနော်တို့ မွန်ပြည်နယ် တောင်ပိုင်း၊ ရေးမြို့နယ်က ပြည်သူတွေအတွက်တော့ ဒီမိုကရေစီအတွက် မဲထည့်ရမယ်ဆိုတဲ့ စကားကိုလည်း ကြားရော နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရသည့်အလား ခံစားကြရတော့တာပေါ့။
အခုလည်း သတင်းတွေ ထွက်နေပြန်ပါသတဲ့။ ရေးမြို့နယ် တောင်ပိုင်း၊ ခေါဇာမြို့နယ်ခွဲက ယင်းဒိန်းရွာသူရွာသားတွေ ရွေးကောက်ပွဲမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲမပေးရဘူးတဲ့။ မဲပေးတဲ့သူတွေကို ရွာကနေ နှင်ထုတ်ပြီး သားလို့ ယင်းဒိန်ကျေးရွာဥက္ကဋ္ဌရဲ့အမိန့်ကို ရွာသားတယောက်က ခုလိုပြန်ပြောတယ်။
“ကျနော်တို့ ရွာလူကြီးက တကယ်လို့ မဲရွေးပွဲမှာ မွန်ပါတီကို မဲထည့်လို့ရှိရင် ဒီရွာက အပြီးပိုင် တစ်ခါတည်း ထွက်သွားပါလို့ ပြောတယ်” လို့ အသက် (၃၀-နှစ်) ဝန်းကျင် ယင်းဒိန်းရွာသားတစ်ဦးကပြောတယ်။
ရွာသားတွေလည်း စစ်သားနဲ့ ရွာဥက္ကဌကို အမြဲကြောက်နေကြရတော့ ဒီပါတီကို မဲထည့်ဖို့ အတော်ကို စဉ်းစားရမှာ ဖြစ်တယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ စက်တင်ဘာလ စတုတ္ထပတ်လောက်က ရေးမြို့နယ်တောင်ပိုင်းမှာ စတင်စည်းရုံးရေး ဆင်းကြတယ်လို့ သိရတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်လူငယ်တစ်ဦးကတော့ “ကျနော်တို့ပါတီ ရေးတောင်ပိုင်းကို စည်းရုံးရေး ဆင်းတဲ့အခါ လမ်းအသွားအလာမှာ အနှောက်အယှက် အတားအဆီး မရှိပေမဲ့ ရွာတွေရောက်တဲ့အခါမှာ ကိုယ်ပြောချင်တာ ပြောလို့ မရဘူး။ နောက်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောတဲ့အခါမှာ သတ်မှတ်ထားတဲ့ လူဦးရေလောက်နဲ့ပဲ စကားပြောခွင့် ရှိတယ်” လို့ စည်းရုံးရေး ဆင်းတဲ့အခါ တွေ့ကြုံနေရတဲ့ အတွေ့အကြုံတချို့ကို ပြန်ပြောပြတယ်။
ပါတီဝင်တွေကို စည်းရုံးတဲ့အခါမှာလည်း အကြောက်တရားကြောင့် ဒေသခံ ပြည်သူတွေ မိမိနှစ်သက်တဲ့ ပါတီတွေကို မ၀င်ရဲတဲ့ အကြောင်း အထက်က လူငယ်ကပဲ ခုလိုပြောပါတယ်။
“ပါတီဝင်ဖို့ မပြောနဲ့၊ အသံကြားတာနဲ့ကို ဝေးဝေး ရှောင်သွားကြတယ်။ ကျနော့်ရဲ့အမြင် ပြောရရင် သူတို့ဟာ ၉၀ ခုနှစ်က မဲရွေးပွဲလို ဖြစ်မှာကို စိုးရိမ်နေကြတယ် ထင်တယ်။ ကျနော်တောင် ပထမက ဒီလိုပဲ စိုးရိမ်မိတယ်။ နောက်တော့ ကျတော်တို့ကို ပါတီဝင် လူကြီးတွေ ရှင်းပြတော့မှ စိုးရိမ်စိတ်တွေ ပျောက်သွားတယ်” လို့ သူက ပြောတယ်။
ရွေးကောက်ပွဲအကြောင်းကို သေချာနားလည်မှုမရှိတဲ့ သာမန်ပြည်သူတစ်ယောက်မှာ အကြောက်တရားက စိုးမိုးနေတဲ့အပြင် အစိုးရ ဝန်ထမ်းတွေလည်း အလားတူ အနေအထားမှာ ရှိနေတာ တွေ့မြင်နေရတယ်။
အသက်(၂၅) နှစ်လောက်ရှိတဲ့ ကျောင်းဆရာမတစ်ယောက်က “ကျမကတော့ ဒီမဲရွေးပွဲမှာ ကိုယ်ကြိုက်တဲ့ပါတီကို မဲမပေးရဲပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီကနေပြီး ရပ်ကွက်က မဲရုံတစ်ခုမှာ မဲရုံမှူး လုပ်ခိုင်းလို့ ကျမလည်း ဝန်ထမ်းဖြစ်နေတော့ သူတို့ခိုင်းတာ မငြင်းရဲဘူးလေ” ဟု ခပ်တိုးတိုးလေး ပြောပါတယ်။
“မဲရွေးပွဲကျရင် ဘယ်လိုလာမလဲ မသိသေးဘူး၊ ကျမ သတင်းကြားရသလောက်တော့ မဲထည့်တဲ့အခါမှာ ကျမတို့ နာမည်ကို ရေးပြီးမှ မဲပေးရမယ်လို့ ကြားရတယ်။ တကယ်လို့ ဒီအတိုင်းဆို ကျမကြိုက်တဲ့ပါတီကို မဲမပေးရဲဘူး။ သူတို့ ထည့်ခိုင်းတဲ့ ပါတီကိုပဲ မဲပေးရ တော့မှာပေါ့” လို့ ပြောပါတယ်။
အသက် (၅၀) ဝန်းကျင် ရေးမြို့သူ အမျိုးသမီးတစ်ဦးကတော့ “ဟိုတစ်လောက တစည က လူတွေ ကျမယောကျာင်္းကို သူတို့ပါတီကို ဝင်ဖို့ လာခေါ်ကြတယ်လေ။ ကျမယောက်ျားက စစ်သားဟောင်း၊ ပထမကတော့ သူက ဝင်မလို့၊ ကျမက မဝင်ဖို့ အမြန်တားလိုက် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဘုမသိဘမသိနဲ့ ပါတီထဲကို ဝင်လိုက်ပြီးရင် အရင်တစ်ခါ ၉၀ တုန်းကလို ပြဿနာတွေ ပြန်ဖြစ်လာရင် ဘယ့်နှယ်လုပ်မလဲ မဟုတ်လား” လို့ သူမအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။
အသက် (၆၀) ဝန်းကျင် ရေးမြို့သားတစ်ဦးကတော့ “ဟိုတစ်လောက တစည က လူတွေ လာပြီး သူတို့ပါတီကို ဝင်ဖို့ လာစည်းရုံး တယ်လေ၊ ဘကြီးလည်း ဒီလိုနိုင်ငံရေးတွေကို စိတ်မဝင်စားတော့ပါဘူးကွယ်၊ အရင်ကလည်း လုပ်ထားဖူးပြီးပြီ၊ အခုလည်း လူမှုရေး အသင်းတွေကိုပဲ လုပ်တော့မယ်၊ ဒီလိုနိုင်ငံရေးတွေ လုပ်လို့ ထောင်လည်း ကျဖူးပြီးပြီ။ ဒီကိစ္စတွေမှာ တကယ်လို့ တစ်ခုတစ်ခု လွဲခဲ့ရင် ထောင်အသက်က လူအသက်ထက် ကြီးသွားနိုင်တယ်” လို့ ပြောပါတယ်။
လွန်ကဲ့တဲ့ သုံးလလောက်လ ရွာတစ်ရွာကို ကိစ္စတစ်ခုနဲ့ ရောက်ခဲ့တယ်။ အဲဒီရွာကတော့ အစိုးရစစ်တပ်တွေရော တောတွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေရော အမြဲရှိနေတတ်တဲ့ ရွာဖြစ်တဲ့ ရေးမြို့နယ်တောင်ပိုင်းက ရင်းရဲကျေးရွာပေါ့၊ အဲဒီရွာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကြာခဏ ဆိုသလို ခံနေရတဲ့ ရွာတစ်ရွာပါ။
လွန်ခဲ့တဲ့သုံးလခန့်က ရင်းရဲကျေးရွာနေထိုင်သူ ရွာသူရွာသားတွေ ဟိုတစ်စု ဒီတစ်စုနဲ့ သွားလာနေကြတာကို တွေ့လိုက်ရတယ်။ အသက် (၄၀) ဝန်းကျင်လောက် ရှိတဲ့ အဲဒီရွာက ဒေသခံတဦးက “ ဒီနေ့ ဥက္ကဋ္ဌက ရွာသူရွာသားတွေကို အစည်းအဝေး ခေါ်ထားတာ ရှိတယ်။ တစ်အိမ်တစ်ယောက် မသွားမနေရ။ ဒီအစည်းအဝေးကို ခေါ်ဖို့အတွက် ရွာသူရွာသားတွေ တစ်ယောက်မှ ဒီနေ့ ခြံမသွားရ ဆိုပြီး တောကို မသွားဖို့ ပိတ်ပင်ထားတယ်” လို့ပြောတယ်။
“အစည်းအဝေးမှာတော့ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အကြောင်းနဲ့ မဲထည့်တဲ့အခါ ဘယ်ပါတီကို ထည့်ရမယ့်အကြောင်းပဲ ပြောမှာပါ” လို့ သူ့အမြင်ကို ထပ်ပြောပြတယ်။
အဲဒီရွာသားကပဲ ခုလိုအစည်းအဝေးတွေကို မကြာခဏ ခေါ်လေ့ရှိကြောင်း၊ ခေါ်တဲ့အခါတိုင်းမှာ ခြံ၊ လယ်တွေကို မသွားဖို့ တားမြစ် ပိတ်ပင်လေ့ရှိတဲ့အပြင်၊ အစည်းအဝေးမှာ သူတို့ပြောတဲ့အဖွဲ့တွေကိုသာ မမှားမယွင်း မဲပေးဖို့ပြောပြီး မထည့်ခဲ့ရင် လုပ်တဲ့အတိုင်း ခံရမယ်လို့ ခြိမ်းခြောက် ပြောဆိုလေ့ရှိတယ်။
ဒီကိစ္စဖြစ်ပြီးလို့ တစ်လခန့်အကြာမှာတော့ ရေးမြို့အနောက်မြောက်ပိုင်းရှိ ရေးမြို့ကနေ (၁၃) မိုင်အကွာမှာရှိတဲ့ သောင်ပြင် ကျေးရွာ မှာလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င်တွေက ဒေသခံတွေကို ခုလိုခြိမ်းခြောက် ပြောဆိုမှုတွေ ရှိနေ တယ်လို့ ဒေသခံ အမျိုးသမီးတယောက်က ခုလိုပြောပြတယ်။
“တကယ်လို့ မင်းတို့တစ်တွေ ကိုယ့်မိန်းမနဲ့ကိုယ် အိပ်ရာမှာ အတူတူ အေးအေးဆေးဆေး ဆက်ပြီး အိပ်ချင်ကြရင် တို့ပြည်ခိုင်ဖြိုးပါတီကို မဲထည့်ကြ။ အဲလိုမဟုတ်ဘဲ ကိုယ့်အိမ်မှာ အေးအေးဆေးဆေး မနေချင်ဘဲ နယ်စပ်ကို ပြေးချင်ရင်တော့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို သွားထည့်ကြ” လို့ ပြောပါတယ်။
နိုင်ငံရေးပါတီအများစုက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အခါ ရွေးကောက်ပွဲ စည်းကမ်းအတိုင်း စည်းရုံးမှုတွေမလုပ်ကြဘဲ ပြည်သူလူထုတွေကို အကြောက်တရားရှိအောင် ခြိမ်းခြောက်စည်းရုံးသွားတဲ့အတွက် ပြည်သူတွေနဲ့ ရွေးကောက်ပွဲမှာ မိမိတို့ နှစ်သက် သဘောကျတဲ့ ပါတီနဲ့ အမတ်လောင်းတွေကို မဲပေးရာမှာ ဇဝေဇဝါ ဖြစ်နိုင်တယ်။
အရင်ကတည်းက စစ်တပ်တွေရဲ့ ဖိနှိပ်ခြင်းနဲ့ ညှင်းပန်းနှိပ်စက်ခြင်း၊ တောတွင်းလက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက် ကြိမ်းမောင်းခြင်း အမြဲတွေ့ကြုံခံစားလာခဲ့ပြီး အကြောက်တရားတွေ စိုးမိုးနေခဲ့တဲ့ ရေးမြို့နယ် တောင်ပိုင်းလို နယ်တွေက ပြည်သူတွေအဖို့တော့ မဝေးတော့တဲ့ ရွေးကောက်ပွဲမှာ အကြောက်တရားကို ရှေ့ထားပြီး မဲပေးရမှာ ဖြစ်လို့ သူတို့ဆန္ဒအတိုင်း မဲပေးနိုင်မှာ မဟုတ်ကြောင်း..။



