အစိမ်းနက်ရောင် စစ်တီရှပ်လက်ပြတ်အင်္ကျီကို ၀တ်ဆင်ထားသော ကိုယ်လုံးကိုယ်ပေါက် ခပ်ထွားထွားနှင့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသားကြီးတဦး စားပွဲခုံတလုံးပေါ်တွင် စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေပါသည်။
ကရင်နီပြည်တွင်းတွင် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုများ ပေးနေသော ဆေးကျောပိုးအိတ် လုပ်သားများခေါ် Back Pack အသင်းမှ ဆေးမှူးဖိလစ်ပင် ဖြစ်သည်။ စာရွက်စာတမ်းများဖြင့် အလုပ်ရှုပ်နေသည်မှာ ပြည်တွင်းကျန်းမာရေး လုပ်ငန်းများအတွက် ကရင်နီကျန်းမာရေးဌာနသို့ အစီရင်ခံစာများ တင်ပြရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ဆေးမှူးဖိလစ် ယခုလက်ရှိတာဝန်ကျရာဒေသမှာ ကရင်နီပြည်အမှတ်-ခရိုင်အတွင်းတွင် ဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံမြေပုံအရ ကရင်နီပြည်ဖာဆောင်းမြို့နယ် အနောက် ဖက်ခြမ်း မော်ချီးအနောက်ဖက်ခြမ်းနှင့် တောင်ဖက်ခြမ်းတို့ဖြစ်သည်။
“ကျနော်အစကတော့… ဆေးလုပ်ငန်းဆိုတာက ကျနော်စိတ်ထဲမှာ မရှိဘူး။ ၀ါသနာလည်းမပါဘူး။ ဒါပေမယ့် ကျနော်အရင်တုန်းက အမှတ် ၃ ခရိုင်မှာ နေတုန်းကပေါ့နော်၊ အမှတ် ၂ ခရိုင်ဖက်ရောက်တော့ အထဲက IDP တွေအများကြီးတွေ့တယ်လေ။ သူတို့ဖျားကြတယ် နားကြတယ်၊ အရင်တုန်းကဖြတ်လေးဖြတ်စစ်ဆင်ရေး တွေ လည်းရှိ… အကြီးအကျယ် နအဖတွေ လုပ်နေတယ်ဆိုတော့ အဲမှာ ကျနော်သွားစဉ်း စားမိတာက… ကျနော်သူတို့အတွက် တခုခုလုပ်ပေးနိုင်ရင် ကောင်းမှာပဲ ပေါ့နော်၊ ကျန်းမာရေးနဲ့ ပတ်သက်ရင်ဆိုတော့ အဲဒီရည်ရွယ်ချက်နဲ့ ကျနော် ဒီဆေးလုပ်ငန်းကို ကျနော်ဝင်ဖြစ်တယ်ပေါ့” ဟု ဆေးမှူးဖိလစ်က ပြောသည်။
၂၀၀၀ ခုနှစ်တွင် ဆေးသင်တန်းတက်ရောက်သင်ကြားကာ ၂၀၀၂ နှစ်ကုန်ပိုင်းတွင် ကရင်နီပြည်အလယ်ပိုင်း ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းမှ ရွာပုန်းရွာရှောင်-IDPများ ပုန်းအောင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၌ ကျန်းမာရေး စောင့်ရှောက်မှုများပေးရန်အတွက် ပထမဆုံးအကြိမ်ဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည်။
မြန်မာစစ်အစိုးရလက်ထက်က ကရင်နီပြည်ကို အညိုရောင်နယ်မြေ-(သူပုန်လုပ်ရှားရာ နယ်မြေဒေသ) အဖြစ်သတ်မှတ်ထားခဲ့သည့်အတွက် ကရင်နီပြည်သူလူထုတို့တို့မှာ IDP အဖြစ်သို့လည်းကောင်း၊စစ်ပြေး ဒုက္ခသည်အဖြစ်သို့လည်းကောင်း ရောက်ရှိခဲ့ရသည်။
အထူးသဖြင့် IDP ဒေသတွင် ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးဝါးများနှင့် ကုသစောင့်ရှောက်မှုများမရှိသည့် ဒေသတို့တွင် ကရင်နီကျန်းမာရေးဌာနမှ ဆေးကျောပိုးအိတ်အသင်းများဖွဲ့၍ လှည့်လည်ကုသမှုများ ပေးကြသည်။
“ဆေးကျောပိုးအိတ်တွေ လွယ်ပြီးတော့ တရွာဝင် တရွာထွက်မယ်။ လူနာတွေတွေ့ရင် လူနာတွေကုမယ် ပေါ့နော်။ လူနာတွေကို ဆေးကုသမှုပေးတာတွေ နောက်ပြီးတော့ ကာကွယ်မှုပေးတာတွေ… ကလေးတွေကို သံချဆေးတိုက်တာတွေ ဘီတာမင်အေတိုက်တာတွေ ပြီးတော့မှ… ကိုယ်ဝန်သည်ဆိုလည်း မီးမဖွား ခင်ပြုစုစောင့်ရှောက်မှုတွေပေါ့နော်၊ ALC CARE လို့ခေါ်တဲ့ ဟာတွေလည်း ကျနော်တို့လုပ်တယ်။ ပြီးတော့မှ… အရေးပြားရောဂါတွေ… ကာကွယ်လို့ရတဲ့ရောဂါတွေကို ကျန်းမာရေးပညာပေးအလုပ်တွေ ကျနော်တို့ လုပ်တယ်” ဟု ဖိလစ်က ပြောသည်။
ဖာဆောင်းနှင့်မော်ချီးတို့တွင် တိုက်နယ်ဆေးရုံကြီးများ ရှိသော်လည်း ဆရာဝန်မရှိသောကြောင့် အရေးပေါ်ခွဲစိတ်မှုများ မလုပ်ဆောင်နိုင်သဖြင့် လွိုင်ကော်ဆေးရုံကြီးသို့ ပိုဆောင်ရသည်။
ယင်းတိုက်နယ်ဆေးရုံများတွင် သူနာပြုတယောက်နှစ်ယာက်ခန့်သာရှိသဖြင့် အသဲအသန်ဖြစ်နေသော လူနာများကို မိမိတို့တတ်သလောက် မှတ်သလောက်သာ ကုသပေးနိုင်ပြီး ဆေးရုံကြီးသို့သွားနိုင်ရန် အကြံပေးလမ်းညွန်မှုများသာ လုပ်ပေးနိုင်သည်ဟုသိရသည်။
ဆေးရုံနှင့်နိးစပ်သော သူများ၏ပြောပြချက်ကို ကိုးကား၍ ဆရာဝန်များအား အစိုးရကပေးသည့်လစာသည် ၎င်းဆရာဝန်များအတွက်နည်းသည့်အပြင် နယ်စွန်နယ်ဖျားမှာ သွားရောက်နေထိုင်ရသည့်အတွက် စီးပွားရေးအရမကိုက်ညီမှုများကြောင့် ဆေးခန်းဖွင့်နိုင်သည့် မြို့ပြများတွင်သာ နေထိုင်ကာ ခြောက်လ တကြိမ် သို့မဟုတ် တနှစ်တကြိမ်လောက်သာ ဆေးကုခွင့်လက်မှတ်ရရန် ပြန်လာနေကြောင်း နှင့်ထိုသို့ပြန် လာမနေလျှင် ဆေးကုခွင့်လက်မှတ်မရှိနိုင်ကြောင်း ဖိလစ်က ပြောပါသည်။
တိုက်ပွဲများအကြား ကန့်သတ်မှုအောက်တွင် ကုသူမှုပေးရခြင်း
ဖိလစ်တို့လို နယ်လှည်ဆေးမှူးတို့သည် ဆေးကျောပိုးအိပ်များကို လွယ်ပြီး တတောင်ကျော် တတောဖြတ်၍ တရွာပြီးတရွာ၊ တနယ်ပြီးတနယ်ခရီးထွက်သည့်အခါ မိမိတို့လုံခြံုရေးအတွက် ကရင်နီတပ်မတော်တို့နှင့်အတူ ပူးပွဲပြီးလုပ်ဆောင်ကြရပါသည်။ သို့သော် မြန်မာအစိုးရတပ်မလုပ်ရှားသည့် နေရာများတွင်ကရင်နီ တပ်မတော် များမပါဘဲ မိမိတို့ဖာသာ သွားလေ့ရှိသည်ဟုဆိုသည်။
“လူနာကြည့်မယ်ဆို ကျနော်တို့ အချိန်ပေးရတယ်ကော ဆိုတော့ လူနာကြည့်ရင်လည်းလူနာကိုပဲ အာရုံစို်က်နေရတယ် ဘေးပတ်ဝန်းကျင် တွေကို အာရုံမစိုက်နိုင်တဲ့ခါကျတော့ သူတို့(ကရင်နီတပ်)ကို ညှိမယ် သူတို့အခြေအနေက ကျနော်တို့လူနာကြည့်ချိန်ရမယ်။ ကျနော်တို့လူနာကြည့်ချိန်ရမလားသူတို့နဲ့တိုင် ပင်ပြီးတော့ လုပ်ရတယ်ပေါ့နော်” ဟု ဆေးမှူးဖိလစ်က ပြောသည်။
ယခုကဲ့သို့ ကရင်နီတပ်မတော်နှင့် ပူးတွဲသွားလာရသောကြောင့် အစိုးရစစ်ကြောင်းများ၏ ပစ်ခတ်မှုများကို ၁၅ ကြိမ်ထက်မနည်း ပစ်ခတ်ခံရကြောင်း ဖိလစ်က မိမိတွေ့ကြံုခဲ့ရသော အဖြစ်ကိုပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပါသော်လည်း ကရင်နီပြည်တွင်း IDP ဒေသများမှာ ယခင် စစ်အစိုးရလက်ထက်က အခြေအနေတိုင်း ရှိနေသေးကြောင်းပြောသည်။
“ကျနော်တို့တောမှာတော့ အရင်အတိုင်းပဲ သူစစ်ဆင်ရေးတွေ လုပ်တယ် တွေ့ရင်ရွာသားတွေကို ဖမ်းတယ် နောက်ပြီးတော့မှ ဟိုဟာမသယ်ရ ဒီဟာမသယ်ရ ဟိုလမ်းမသွားရ ဒီလမ်းမသွားရ တွေလည်းအမြဲရှိ နေတဲ့ခါကျတော့ ကျနောတို့ဒီအမှတ် ၂ ခရိုင်နယ်တလျှောက်လုံးမှာကတော့ အခြေအနေကတော့… ပြောင်းလဲမှုမရှိဘူး အရင်တိုင်းပဲ စစ်အစိုးရလက်ထက်က အတိုင်းလိုပါပဲ” ဟု ဆေးမှူး ဖိလစ်ကပြောသည်။
အခက်အခဲများ ကျော်ဖြတ်နေရသည်
Back Pack ကျန်းမာရေးလုပ်သားများသည် ကရင်နီပြည်တွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသော အချိန်ကာလများအတွင်း တောထဲတောင်ထဲတွင် နေထိုင်နေရသည့်အတွက် မိုးကာကို တဲအိမ်ငယ်သဖွယ်ပြုလုပ်၍ အိပ်စက်ရခြင်း၊ အနေအစားဆင်းရဲခြင်းများသည် ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း ဖျားနာ၍အသည်းအသန် ဖြစ်နေသော လူနာများအား မြို့ဆေးရုံကြီးများသို့ချက်ချင်း လွဲပြောင်းမပေးနိုင်ခြင်း ဆေးဝါးများမလုံလောက်ခြင်းနှင့် လုံခြံုရေးပြဿနာများမှာ အဓိကဖြစ်ကြောင်း ဆေးမှူးဖိလစ်ကပြောသည်။
လမ်းပန်းဆက်သွယ်ရေးအဆင်မပြေမှု ခရီးကြာရှည်မှုတို့ကြောင့် ဆေးအိတ်တွင်းမှ ပစ္စည်းများအပျက် အစီးအလေအလွင့်များ ရှိတတ်သည်။
ကရင်နီပြည်သူများသည် ကျန်းမာရေးပြဿနာများပြင် ပညာရေးဖက်တွင်လည်း နှောက်နှေးကျကျန်နေ ခဲ့ကြသည်။ တိုက်ပွဲများဖြစ်ပွားမှုတို့ကြောင့် ထွက်ပြေးပုန်းရှောင်နေကြရသည့်အတွက် ကလေးများ၏ ပညာရေးတပိုင်းတစဖြစ်ကြရသည်။ အများစုမှာ စာမတတ်ကြသောကြောင့် ကျန်းမာရေးပညာပေးလုပ်ငန်း လုပ်ဆောင်သည့်အခါတွင် သဘောမပေါက်ကြသည့်အတွက် အခက်အခဲကြံုနေကြရသည်။
အများစုမှာရွေ့ပြောင်း တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြသောကြောင့် တနှစ်တာလုံး အလုပ်လုပ် နေရသည့်အတွက် ၎င်းတို့အားပညာပေးရန် ခေါ်သည့်အခါတွင်လည်း အတော့်ကို ခက်ခဲကြောင်း ဆေးမှုးဖိလစ်က ဆိုပါသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီဖြစ်သည့်အတွက် ပြည်ပမှဆေးဝါးကူညီမှုများပေးရန် ကရင်နီပြည် တွင်းသို့ အရေးပေါ်ကုသမှုများနှင့် လိုအပ်မှုများလာရောက် ကူညီပေးနေကြသော လူမှုအဖွဲ့အစည်းများအား အစိုးရတို့အနေဖြင့် ပိတ်ပင်တားမြစ်မှုများ မပြုလုပ်ရန်လိုအပ်ကြောင်း ခူးဒယ်နီယာက ဆိုပါသည်။
“တကယ်တမ်းက အစိုးရကကြည့်ရှုစောင့်ရှောက်ရမယ်၊ အကယ်၍ သူတို့မကြည့်ရှုနိုင်ဘူးဆိုရင် ပြည်ပ ကကူညီဖို့ ရောက်လာတဲ့ လူမှုအသင်းအဖွဲ့တွေကို အခွင့်ပေးသင့်တယ်၊ ခုကျတော့ သူတို့လည်းမကြည့် နိုင်ဘူး သူများတွေကိုလည်းခွင့်မပေးဘူး အဲဒါက အစိုးရပဲလိုတယ်။ အစိုးရက လွတ်ပေးရမယ်၊ပြည်ပက အဖွဲ့အစည်းတွေလာရောက်ကြည့်ရှုကူညီတာတွေပေါ့။ အကယ်၍အဲလိုမဟုတ်ဘူးဆိုရင်ရွာသူရွာသား တွေက အခက်အခဲတွေနဲ့ကြံုရဖို့ပဲရှိတယ်” ဟု ခူးဒယ်နီယာက ဆက်ပြောပါသည်။
ကရင်နီ IDP ဒေသတွင် Back Pack များအလိုရှိနေဆဲ…
ပြည်တွင်းစစ်များဖြစ်ပွားပြီး ကရင်နီရွာသူရွာသားများ တကွဲတပြားစီ အတင်းအဓ္ဓမရွေ့ပြောင်းနေ ထိုင်ရသောကြောင့် လူထုတို့၏ ကျန်းမာရေးအခြေအနေကို ကူညီစောင့်ရှောက်မှုများပေးနိုင်ရန် လိုအပ်မှုများရှိလာသည့်အတွက် ကရင်နီလူငယ်တစုမှ ဆေးကျောပိုးအိပ်လုပ်သားများခေါ် Back Pack ကို ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး လုပ်ငန်းများ အကောင်အထည်ဆောင်ရွက်လာကြသည်။
“ဗမာတွေ ရွာတွေကို မောင်းထုတ်တဲ့အချိန်မှာ ကရင်နီပြည်တွင်းကနေ ရွာသူရွာသားတွေ ဒီဖက်ကို တချို့ပြေးလာတယ်။ တောထဲတောင်ထဲမှာ တချို့သွားနေတယ် စောင့်ရှောက်မယ့်သူမရှိဘူး။ ဖျားနာရင်စောင့်ရှောက်မယ့်သူ မရှိတဲ့အတွက်ကြောင့် အာ.. ဒီမှာရှိတဲ့ကလေးလူငယ်တွေပေါ့နော ဘက်ဖက်ဆိုတဲ့ ကျန်းမာရေးအဖွဲ့ကိုဖွဲစည်း ပြီးတော့ ပြည်တွင်းမှာရှိတဲ့ရွာသူရွာသားတွေကို လိုက်လံစောင့်ရှောက်ပေးပါတယ် ၉၆-၉၇ မှာစတင်တယ်ပေါ့ သူတို့ ဖျားတာနာတာတွေကို သွားကြည့်တယ်ပေါ့နော အသေအပျောက်မရှိဖို့ပေါ့” ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ ကျန်းမာရေးဝန်ကြီး ခူးဒယ်နီယာက ပြောပါသည်။
ပြည်တွင်းမှ ကရင်နီ IDP လူထုများခံစားနေရသော ရောဂါများမှာ ရာသီအလိုက်ဖြစ်ပေါ်သော ရောဂါများ အပြင် တကိုယ်ရေမသန့်ရှင်းမှု ရေကောင်းရေသန့် မရရှိသည့်အတွက် ရောဂါများအလွယ်တကူ ကူးစက်တတ်ကြသည်။
“မိုးတွင်းကာလဆိုရင် ငှက်ဖျားတွေပိုများတယ် နောက်ပြီးတော့မှ ၀မ်းလျှောရောဂါတွေ နောက်ပြီးမှ လာမယ့်ဆောင်းရာသီမှာဆိုရင် အသက်ရှူလမ်းကြောင်းနဲ့ ပတ်သက်တာပိုများတယ်။ နွေကျရင်ဆိုလို့ရှိရင် ရေရှားတော့ အရေပြားတွေကပိုများတယ်” ဟု Back Pack ဆေးမှူးတဦးဖြစ်သည့် ဆရာထူးပွယ်က ပြောသည်။
ကရင်နီပြည် ဖာဆောင်းနှင့် မော်ချီးဒေသတို့တွင် တိုက်နယ်ဆေးရုံကြီးများရှိသော်လည်း ဆရာဝန်မရှိ သောကြောင့် အရေးပေါ်ခွဲစိတ်မှုများ မလုပ်ဆောင်နိုင်သဖြင့် လွိုင်ကော်ဆေးရုံကြီးကသာလျှင်အကောင်း ဆုံးဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယင်းတိုက်နယ်ဆေးရုံများတွင် နပ်စ်တယောက်နှစ်ယောက်ခန့်သာရှိသဖြင့် အသဲအသန်ဖြစ်နေသော လူနာများအား မိမိ(Back Pack) တို့ တတ်သလောက်မှတ်သလောက်သာ ကုသပေးနိုင်ပြီးဆေးရုံကြီးသို့ သွားနိုင်ရန် အကြံပေးလမ်းညွန်မှုများသာ လုပ်ပေးနိုင်သည်ဟုဆိုသည်။
အစိုးရမှပေးသည့် လစာနည်းသည့်အတွက် နယ်စွန်နယ်ဖျားရှိ ဆေးရုံတို့တွင် ဆရာဝန်များလာရောက် မှုမရှိဘဲ မြို့ပြများတွင်သာနေထိုင်ကြပြီး “ဆေးကုသခွင့် လက်မှတ်များရကြရန်” ခြောက်လတကြိမ်သို့မဟုတ် တနှစ်တကြိမ်သာ နယ်စွန်နယ်ဖျားရှိ လူနာများကိုသာ လာရောက်ကြည့်ရှုကြသည်ဟု သိရသည်။
ယခုမြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပါသော်လည်း ကရင်နီပြည်ရှိဆေးရုံ၊ ဆေးပေးခန်းများသည် ယခင်စစ်အစိုးရလက်ထက်ကဲ့သို့ပင် တိုးတက်ပြောင်းလဲလာမှုမရှိဘဲ လူနာများမှာ ဆေးရုံပြင်ပတွင် ရောင်းချပေးသော ဆေးဆိုင်များ၌ ၀ယ်ယူ ကုသနေကြရဆဲရှိသည်ဟု ခူးဒယ်နီယာကဆိုပါသည်။
“အရင်အစိုးရတဖွဲ့က ဟိုး နေဝင်း အာဏာသိမ်းပြီးတဲ့နောက် အခုထိက အတူတူပဲ ဆေးရုံတွေ တလုံးပြီးတလုံး ဆေးခန်းတွေတလုံးပြီးတလုံး ဖြစ်လာပေမယ့် ဆေးဆရာ ဆရာမတွေက အစုံမရှိဘူး။ ရှိရင်လည်း ဆေးမရှိဘူး အစိုးရက ဆေးမပေးနိုင်ဘူး ရှိတာက အပြင်ဆိုင်ကရောင်းတာကိုဆေးသွားပြန် ၀ယ်ရတယ် ပြီးတော့ကိုယ့်ကို်ယ်ကို ပြန်ကုရတယ် ဒီလိုပဲရှိတယ်” ဟု ခူးဒယ်နီယာက ပြောသည်။
ဦးသိန်းစိတ်ဦးဆောင်သည့် အစိုးရသစ်လက်ထက်မှာ အပေါင်းလက္ခဏာဆောင်သည့် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအချို့ ရှိလာပါသော်လည်း ကရင်နီပြည်ကဲ့သို့ တိုင်းရင်းသားအများစုနေထိုင်သည့်နယ်စွန်နယ် ဖျားက လူထုကျန်းမာရေးအခြေအနေသည် တိုးတက်ပြောင်းလဲလာခြင်း ရှိ၊ မရှိ ဆိုသည့် အခြေအနေမှန်ကို လူထုကြားမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကုသမှုပေးနေကြသည့် ဆေးမှူးဖိလစ်တို့လို Back Pack လုပ်သားများကသာ သိမည်ဖြစ်သည်။
IDP ဒေသတွင် အရေးပေါ်ဆေးကုသမှုများ သွားရောက်ကုသပေးရသည့် ဆေးဝါးစရင်းဇရားများ ပြုစုနေဆဲရှိသည့် ဆေးမှူးဖိလစ်က…“ကျနော်တို့တတ်နိုင်သလောက် ခုလက်ရှိပိုင်းမှာပေါ့နော်…ဆေးကျော ပိုးအိတ်လွယ်ပြီးမှ တရွာဝင်တရွာထွက်… လူနာလိုက်ကြည့်မယ်။ ကျန်းမာရေးပညာပေးမယ်။ နောက်ကြိုတင်ကာကွယ်မှု လုပ်ရတဲ့အပိုင်းတွေ ကလေးသံချဆေးတိုက်တဲ့မျိုးတွေ အဲဒါလောလော ဆယ်တော့ အဲဒါပုံမှန်ဆက်လုပ်နေဦးမယ်” ဟု ပြောသွားပါသည်။



