သီးနှံတွေကို ကောင်းစေမယ့် ‘တျားအီလူးဘိုးပလျား'

သီးနှံတွေကို ကောင်းစေမယ့် ‘တျားအီလူးဘိုးပလျား'
by -
အောလို

အရုဏ် မတက်ခင်မှာ အသက် ၅ဝ ကျော် အရွယ်ရှိ အဘိုး ကလောရယ်က ချည်ဖြင့် ယက်လုပ်ထားတဲ့ ကယား လူမျိုးတို့ရဲ့ ရိုးရာ လွယ်အိတ်ဟောင်း တလုံး ကို လွယ်ပြီး သူ့ရဲ့တောင်ယာ ခင်းသို့ သွားပါတယ်။ အဘိုးက တောင် ယာခင်းမှာစိုက်ပျိုး ထားတဲ့ သခွား၊ ဖရုံ၊ ကျောက်ဖရုံ စတဲ့အပင်ပေါ် တွေမှ အသီးပေါက် စလေးတွေကို တမျိုးလျှင် နှစ်လုံးသုံးလုံးစီရှာဖွေ ခူးယူပြီး နေ့လည်လောက် မှာ အိမ်ကို ပြန်လာပါ တယ်။

အဘိုး ခူးပြန်လာတဲ့ သီးခါစ သီးနှံတွေဟာ နုလို့ ငယ်သေးတာကြောင့် အသီး ကြီးအောင် ရင့်အောင် ဆက်ထား သင့်ကြောင်း ထင်ရပါတယ်။ ဒါပေမယ့် အဲဒီတရက်နှစ်ရက်အတွင်းမှာ သီးနှံ တွေကို အဘိုး တဦးတည်းပဲ သွားခူးတာ မဟုတ်ဘဲ အဘိုးလို ရိုးရာအစဉ်အလာကို လိုက်စားတဲ့တခြားကယားလူမျိုး တို့ကလည်း မိမိ တောင်ယာခင်း၊ ယာခင်း မှ သီးနှံတွေကို အများအပြား သွားရောက် ခူးယူကြပါတယ်။ 

သူတို့ဟာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီး သီးနှံတွေ သီးချိန်နဲ့ စပါး သီးပွင့်ချိန် အောက်တိုဘာလအတွင်းမှာ ကျင်းပလေ့ရှိတဲ့ ကယားလူမျိုးတို့ရဲ့ ဓလေ့ထုံးစံ တခု ဖြစ်တဲ့ ‘တျားအီလူး ဘိုးပလျား’ (ခေါ်) ထွက်ခါစ စပါးနှံ ပူဇော်လှူဒါန်းသောပွဲကို ပူဇော်လှူဒါန်း ဖို့အတွက် တောင်ယာခင်း၊ ယာခင်း၊ စိုက်ခင်းကနေ ထွက်ခါစ အသီးအနှံတွေ ကို သွားခူးလာကြတာ ဖြစ်ပါတယ်။

elooboplyar2011သူတို့က ထိုင်း-မြန်မာနယ်စပ်မှာ နေထိုင်တဲ့ ကရင်နီမျိုးနွယ်စုတွေထဲမှ ကယားလူမျိုးတို့ ဖြစ်ပြီး တျားအီလူး ဘိုးပလျားကို အောတိုဘာလ ၉ ရက် နေ့က ကျင်းပခဲ့ကြပါတယ်။ သူတို့ဟာ အီလူးဘိုးပလျား ကျင်းပဖို့ အတွက် ကြက်ရိုးထိုး မေးမြန်းပြီး ကောင်းမွန်တဲ့ နေ့ရက် တရက်ကို ရွေးချယ်သတ်မှတ် ကာ တနှစ်တခါ ပြုလုပ်လေ့ရှိပါတယ်။

အီလူးဘိုးပလျား ကျင်းပတဲ့ ရက် အတွင်းမှာ မနက်ပိုင်းမှာ အိမ်ထောင်စုရဲ့ ဦးစီးသူ ယောက်ျားတွေနဲ့ မိသားစုဝင် ယောက်ျားလေးတွေက ကြက်တွေ ယူဆောင်ပြီး တံခွန်တိုင် အောက်မှာ ကြက်ရိုးထိုးမေးမြန်း ရပါတယ်။ ကြက် ရိုးထိုး မေးမြန်းရာမှာ တဦးနဲ့တဦး ထိုးခိုင်းလေ့ရှိပြီး သက်ကြီးရွယ်အိုတွေကိုထိုးခိုင်း လေ့ရှိပါတယ်။ တချို့ သက်ကြီး ရွယ်အိုတွေနဲ့ အိမ်ထောင်ကျပြီး သူတွေ က ကိုယ့်ဖာသာ ကြက်ရိုးထိုး မေးမြန်း ကြတာလည်း ရှိပါတယ်။

ကြက်ရိုးထိုး မေးမြန်းရာမှာ မိမိ အိမ်ထောင်စု အတွက်လည်းကောင်း၊ မိမိတဦးတည်း အတွက်လည်း ကောင်း လာမည့် ရှေ့ရေးကို မေးမြန်းနိုင်ကြောင်း၊ ဆိုလိုခြင်းဟာ မိမိအိမ်ထောင်စုရဲ့ လာမယ့်နှစ်အတွင်း ရှေ့ရေး၊ မိမိတဦး တည်းအတွက် လာမယ့်နှစ်အတွင်း ရှေ့ ရေးတို့ကို ကြက်ရိုးထိုးမေးမြန်းကြတာ ဖြစ် တယ်လို့ တျားအီလူးဘိုးပလျားကို ဘဝတသက်သာ ပြုလုပ်လာခဲ့တဲ့ အ သက် ၂၁ နှစ် အရွယ်ရှိ ဆော်ရယ်ဦးက ပြောပြပါတယ်။

“အတိတ်ကရော အနာဂတ် မှာရော ကျနော်ရဲ့ ကံက ဘယ်လိုရှိလဲ၊ ကောင်းလား၊ မကောင်းဘူးလား ဆိုတာ ကိုယ့်ဟာကို သိချင်လို့ မေးချင်လို့ အဲဒါ ကျနော် ကြက်ရိုးထိုးတာ ဖြစ်တယ်” လို့ တျားအီလူးဘိုးပလျားမှာ မိမိတဦး တည်းအတွက် ကြက်ရိုးထိုး မေးမြန်းခဲ့တဲ့ ဆော်ရယ်ဦးက ပြောပါတယ်။

တျားအီလူးဘိုးပလျားမှာ မိမိ သားစုအတွက် ကြက်ရိုးထိုးမေးမြန်းခဲ့တဲ့ အသက် ၂၆ နှစ် အရွယ်ရှိ ထွားရယ် က “ဒီနှစ်အတွက် အလုပ်အကိုင်အတွက် ကျနော့် သီးနှံစပါးတွေ ဘယ်လို ဖြစ်လဲ။ ကျနော့ ကံတရားရော ဘယ်လိုဖြစ်လဲ ဆိုတာ တွေ့ချင်လို့ ကြက်ရိုးထိုးတာ”  လို့ ပြောပါတယ်။

တံခွန်တိုင် အောက်မှာ ကြက်ရိုး ထိုးမေးမြန်းပြီးနောက် ပူဇော်လှူဒါန်းဖို့အတွက် ကြက်ရိုးထိုးပြီးသတ်ထား တဲ့ ကြက်ကို မိမိအိမ်သို့ ပြန်၍ ချက်ပြုတ်ရပါတယ်။ ပူဇော်လှူဒါန်းရမယ့် ကြက်ဥ၊ ကောက်ညှင်းနဲ့သီးနှံ တို့ကိုလည်း ချက်ပြုတ်ထားရပါတယ်။

အဲဒီနောက် ချက်ပြုတ်ထားတဲ့ ကြက်၊ ကြက်ဥ၊ ကောက်ညှင်းနဲ့ သီးနှံတို့ကို ယူဆောင်ပြီး တံခွန်တိုင် အောက်မှာ လာထားရပါတယ်။ တံခွန်တိုင်အောက် မှာ ‘ခတျား’ (ခေါ်) သစ်သားဖြင့် ပြုလုပ်ထားတဲ့ ယဇ်ပူဇော်ပလ္လင် ခြေရင်း မှာလည်း အိမ်တိုင်းက ခေါင်ရည် တဗူးစီ လာထားရပါတယ်။

အဲဒီနောက် သီးနှံတွေ ဖြစ်တဲ့ သခွားသီး၊ ဖရုံသီး၊ ကျောက်ဖရုံသီးနဲ့ ပိန်းဥတို့ကို ပူဇော်လှူဒါန်းဖို့အတွက် ပြုလုပ်ထားတဲ့ ယဇ်ပူဇော်ပလ္လင် အပေါ် မှာလည်းကောင်း တံခွန်တိုင်ဟောင်း အပေါ်မှာလည်းကောင်း တင်ထားပြီး ပထမတခေါက် အနေနဲ့ လူတိုင်းက ပူဇော်လှူဒါန်းရပါတယ်။

တျားအီလူဘိုးပလျားမှာ ပူဇော်လှူဒါန်းတဲ့ သီးနှံတွေဟာ တောင်ယာခင်း၊ လယ်ခင်း၊ စိုက်ခင်းမှာ စိုက်ထားတဲ့ အသီးအနှံ အပင်တွေမှ ပထမဆုံး သီးပွင့်တဲ့ သီးနှံတွေကို သွားခူးပြန်ပြီးပူဇော်လှူဒါန်းရတယ် လို့ အီလူး ဘိုးပလျားကို ဦးဆောင်ကျင်းပရာမှာ အဖွဲ့ဝင်ဖြစ်သူ အသက် ၅ဝ ကျော် အရွယ်ရှိ ငါးရယ်က ပြောပါတယ်။

“အသီးအပွင့်တွေ၊ ပိန်းဥတွေ အားလုံး တောင်ယာခင်း၊ ယာခင်းတွေ ကနေ သွားခူးပြန်ပြီး ပူဇော်လှူဒါန်း ရတယ်။ အကယ်၍ မပူဇော်လှူဒါန်း သေးဘူးဆိုရင် အသီးအနှံတွေကို လူများ မစားသေးဘူး။သခွားသီး ဖြစ်ဖြစ် ကျောက်ဖရုံသီးဖြစ်ဖြစ် ပထမဆုံး သီး တဲ့ဟာကို ခူးထားပြီး ပူဇော်ရတယ်” လို့ ငါးရယ်ကပြော ပါတယ်။

သီးနှံတွေကို ပူဇော်လှူဒါန်း ပြီးနောက် ယဇ်ပူဇော်ပလ္လင် အောက်မှာ လာထားတဲ့ ခေါင်ရည်တွေကိုကိုယ့် ဟာနဲ့ကိုယ် ယူပြီး ယဇ်ပူဇော်ပလ္လင် အောက်မှာ ပူဇော်ဖို့အတွက် စိုက်ထားတဲ့ ဝါးဖြင့် ပြုလုပ်ထားတဲ့ ဝါးဗူးကြီးထဲမှာ အရင်ဆုံး လောင်းထည့်ရပြီး တဦးနဲ့တဦး အပြန် အလှန် တိုက်ကြပါတယ်။

ကြက်ဥတွေကိုလည်း မိမိအိမ် ထောင်စုအတွက်သော်လည်းကောင်း မိမိတဦးတည်းအတွက်သော်လည်း ကောင်း ရှေ့ရေးကို ထပ်ပြီး မေးမြန်း ကြည့်ရပါတယ်။ ကြက်ဥကြည့် မေးမြန်း ရာမှာ ကြက်ရိုးထိုးသလိုပဲ သက်ကြီး ရွယ်အိုတွေကိုပဲ ကြည့်ခိုင်းလေ့ရှိပါတယ်။

အဲဒီနောက် ကောက်ညှင်း၊ ကြက် နဲ့ ကြက်ဥတို့ကို ဒုတိယ တခေါက် အနေနဲ့ နောက်တဖန်ပူဇော်လှူဒါန်းရ ပါတယ်။ ပူဇော်ရမယ့် ကောက်ညှင်း၊ ကြက်ဥနဲ့ ကြက် အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တဲ့ ခေါင်း၊ အအူအသည်း၊ ခြေဖျား၊ အတောင်ဖျားတို့ကို အနည်းငယ် ဆိတ်ယူပြီး သပြေရွက် သို့မဟုတ် ညောင်ရွက် သို့မဟုတ်ပိန္နဲရွက် ရဲ့ အထဲမှာ ထည့်ပြီး ထုပ်ရပါတယ်။ နောက်ပြီး အီလူးဘျာစယ်က ဘုရားမ (ခေါ်) ဖြေးသူးလူးမိုး၊ နတ် ကောင်းနတ်မြတ်ထံကို ဆုတောင်းပြီး ပူဇော်လှူဒါန်းဖို့အတွက် ထုပ်ထားတဲ့ အရွက် အထုပ်ကို ယဇ် ပူဇော်ပလ္လင် အပေါ်မှာ ပထမဆုံး တင်ပြီး ပူဇော်လှူဒါန်းရပါတယ်။ နောက်ပြီး ကျန်တဲ့လူတွေကလိုက်ပူ ဇော်လှူဒါန်း ရပါတယ်။

တျားအီလူးဘိုးပလျားမှာ ပူဇော်လှူဒါန်းတဲ့ ထွားရယ်က “အခုချိန်မှာ အသီးအနှံတွေ သီးပွင့်ပြီ ဖြစ်တယ်။ အဲဒီသီးနှံတွေကို ကျနော်တို့ စားရတာ၊ ဝရတာက ဘုရာသခင် ကူညီလို့ တောတောင်စာင့်နတ်တွေရှိလို့ ဖြစ်တယ်။ ကျနော်တို့ တောတောင်တွေမှာ တောင်ယာတွေ၊ ယာခင်းတွေ သွားလုပ်တာသီးနှံတွေကောင်း ကောင်း မွန်မွန် သီးပွင့်ပေးရခြင်းဟာ တော စောင့်နတ်၊ တောင်စောင့်နတ်၊ ဘုရား သခင်တွေ ကြည့်ရှု စောင့်ရှောက် ကူလို့ ဖြစ်တယ်။ အဲဒါ ကျနော် တယောက် အနေနဲ့ သူတို့ ကျေးဇူးတရားကို သိတဲ့ အတွက် ပြန်ကျွေးတဲ့ အနေနဲ့ ပူဇော်တာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကယားလူမျိုးတို့ဟာ ရိုးရာဓလေ့ တျားအီလူးဘိုးပလျားကို နှစ်စဉ် ကျင်းပ ရခြင်းမှာ မိမိတို့ရဲ့ တောင်ယာ၊ လယ် ယာ၊ စိုက်ခင်းတို့ကို ဘုရားသခင်၊ နတ်ကောင်း နတ်မြတ်တို့ အနေဖြင့် ကြည့်ရှုစောင့်မခြင်းကြောင့် အခုလို အသီးအနှံ ပေါ်ထွက်လာသောကြောင့် ကျေးဇူးတရားကို ပြသဖို့နဲ့ ထွက်ပေါ် လာတဲ့ သီးနှံတွေကို ဘုရားသခင်၊ နတ် ကောင်းနတ်မြတ်တို့က ဆက်လက် ကြည့်ရှုစောင့်မပြီး သီးနှံတွေ အောင်မြင် ဖို့၊ အဖျက်အဆီးမှ ကင်းရှင်းဖို့နဲ့ ကောင်းမွန်စွာ ရိတ်သိမ်းနိုင်ဖို့အတွက် ဆုတောင်းပြီး ပူဇော်လှူဒါန်းကြတာ ဖြစ်တယ်လို့ ပြောကြပါတယ်။

Most read this week